လွိုင်လင်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးသေဆုံး

ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်၊ တန်အယ်ကျေးရွာအုပ်စု၊ လုတ်စန်းခံကျေးရွာရှိ ရွာသားတစ်ဦးအား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ မူးယစ်ဆေးဖြတ်ပေးရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ထွက်ပြေးရန် ကြိုးပမ်းမှုကြောင့် ယင်းတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
.
လုတ်စန်းခံကျေးရွာနေ ခွန်တမောင်း (၂၃) နှစ်နှင့်အတူ တစ်ရွာတည်းနေ ရွာသား ၄ ဦးအား ဒီဇင်ဘာလ ၁ ရက်တွင် မူးယစ်ဆေးဖြတ် ပေးရန် ဟုဆိုကာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ခွန်တမောင်းမှ ထွက်ပြေးရန် ကြိုးပမ်းသဖြင့် လက်နက်ကိုင်တပ်ဖွဲ့မှ သေနတ်နှင့် ပစ်ခတ်ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် ဒီဇင်ဘာလ ၄ ရက်၊ ညနေပိုင်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“သားသမီး ၄ ယောက်ရှိပါတယ်။ သားက သူတစ်ယောက်တည်းပဲပါတာပါ။ အခုလိုဖြစ်သွားတော့ စိတ်မကောင်း ဘူးပေါ့။ ဘာတတ်နိုင်မှာလဲ ဘယ်သူကိုမှလည်းအပြစ်မတင်ဘူး ဖြစ်ပြီးသွားပြီဆိုတော့ ကံပေါ့။ အမှုလည်း မဖွင့် ပါဘူး။ အမှုပိတ်ဖို့လက်မှတ်လည်းရေးထိုးပေးပြီးပါပြီ” ဟု သေဆုံးသူ ခွန်တမောင်း၏မိခင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့မှ ဆေးကုသရန်အတွက် ငွေကျပ် ၁ သိန်း ထောက်ပံ့ပေးခဲ့ပြီး သေဆုံးသူ ခွန်တမောင်း၌ ဇနီးနှင့် သမီး ၃ ဦး ကျန်ရစ်ခဲ့ရာ စားဝတ်နေရေးအတွက် အခက် အခဲရှိလာနိုင်ကြောင်းနှင့် ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့မှာ RCSS/SSA အဖွဲ့ ဖြစ်ကြောင်းအား သေဆုံးသူများ၏ မိသားစုဝင်များက တွေ့မြင်ခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ခွန်တမောင်း သေဆုံးမှုနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ ဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းဦးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် သိရှိခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

.
''ပစ်ခံရတာက တစ်ချက်တည်းပါ။ ဘယ်ဘက်ချိုင်းအောက်ကနေ ညာဘက်ချိုင်းအောက်ကို  ဖောက်ထွက် သွားတယ်။ သူ့မိန်းမရော သူ့အမေကရောကတော့ ကျေနပ်တယ်၊ အမှုမဖွင့်ဘူးလို့ ပြောတယ်။ အမှုဖွင့်လိုက်ရင် ဟိုက လက်နက်ကိုင်အဖွဲ့ဆိုတော့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာကြောက်လို့ထင်တယ်။ လူ့အသက် တစ်ချောင်းဆိုတော့ ဘယ်သူမှ ကျေနပ်မှာ မဟုတ်ပါဘူး” ဟု သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူ ဦးသိန်းအောင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့မှ ရွာသားများအား မူးယစ်ဆေးဖြတ်ပေးရန်အတွက်ဟုဆိုကာ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြာင်း သိရသည်။
.
#KBZTai #Shan

Journal Download

Photo of three cats