နမ္မတူချောင်းအတွင်းရေနစ်ပျောက်ဆုံးနေသော ကိုရီးယားနိုင်ငံသူအား ရှာဖွေရေးအတွက် မန္တလေးမှ အဖွဲ့များ လာရောက်ပူးပေါင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူချောင်းအတွင်းရေနစ်ပျောက်ဆုံးနေသော ကိုရီးယားနိုင်ငံသူအား ရှာဖွေရေးအတွက် မန္တလေးမှ အဖွဲ့များ လာရောက်ပူးပေါင်း


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေသော ကိုရီးယားနိုင်ငံသူ အားရှာဖွေရန်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်း (မန္တလေး) နှင့် Mandalay Rescue Drive Team တို့ လာရောက်ပူး ပေါင်းရှာဖွေပေးလျက်ရှိကြောင်း သိရှိရသည်။
.
.
သီပေါမြို့နယ်၊ မိုးတေကျေးရွာအနီးတွင် တောတွင်းခရီးသွားစဉ် နမ္မတူ ချောင်းအတွင်းရေနစ်ပျောက်ဆုံးနေသော ကိုရီးယားနိုင်ငံသူအား ကိုရီးယားနိုင်ငံမှ ရေငုပ်ကျွမ်းကျင်သူတစ်ဦးနှင့် နယ်မြေခံ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေ မှုများ ပြုလုပ်လျက်ရှိရာ ရှာဖွေရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်ကူညီရန်အတွက် ယင်းအဖွဲ့ ၂ ဖွဲ့မှ ဒီဇင်ဘာ ၁၃ ရက် က သီပေါမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
.
“သူတို့ ကိုရီးယားနိုင်ငံ မရိန်းတပ်က ရေငုပ်ကျွမ်းကျင်သူ ရောက်ပြီး ရှာဖွေနေတာကို ကူညီပေးဖို့အတွက် မန္တလေး က အဖွဲ့တွေရောက်လာတာလို့ သိရပါတယ်” ဟု ဒီဇင်ဘာ ၁၄ ရက်၊ နံနက်ပိုင်းတွင် သီပေါမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
.
အဆိုပါ နမ္မတူချောင်းအတွင်း နိုဝင်ဘာ ၂၃ ရက်က ဘောကွင်းစီးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့သည့် ကိုရီးယား နိုင်ငံသူကို ဒေသခံပြည်သူများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကိုရီးယားနိုင်ငံသားရေငုပ်ကျွမ်းကျင်သူများက ရေငုပ်ပစ္စည်းများဖြင့် ဒီဇင်ဘာ ၈ ရက်မှ စတင်ရှာဖွေနေသော်လည်း ဒီဇင်ဘာ ၁၃ ရက်ထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။
.
“ဒီနေ့ (ဒီဇင်ဘာ ၁၄ ရက်)မှာကတော့ နယ်မြေအခြေအနေအရ ရှာဖွေရေးခဏရပ်ထားပါတယ်။ ဒေသခံပြည်သူ တွေကလည်း နေ့တိုင်းရှာပေးနေတာပါ။ ဌာနဆိုင်ရာတွေကလည်း ကူညီပေးနေတာတွေ့ရပါတယ်။ အခုကတော့ ကူညီရှာဖွေသူတွေများလာပါတယ်။ ရေစီးအရမ်းသန်ပြီးတော့ အရမ်းနက်တယ်။ အန္တရာယ်အရမ်းများတယ်လို့ ကိုရီးယားနိုင်ငံသားကပြောပါတယ်” ဟု ရေနစ်သူအား ကူညီရှာဖွေပေးသော သီပေါမြို့ ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ ကိုရီးယားနိုင်ငံသူသည် နိုဝင်ဘာ ၂၁ ရက်တွင် အခြားနိုင်ငံခြားသား ၄ ဦးနှင့်အတူ သီပေါမြို့နယ် မိုးတေ ကျေး ရွာဝန်းကျင်ရှိ တောအတွင်းခရီးသွားရာမှ နိုဝင်ဘာ ၂၃ ရက်တွင် နမ္မတူချောင်းအတွင်း ဘောကွင်းစီးရာမှ ပြုတ် ကျကာ ရေနစ်ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats