မြောင်းမြသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ပင်းတယ နှလုံးလှမီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ် အား ဂုဏ်ပြုနှုတ်ဆက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြောင်းမြသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ပင်းတယ နှလုံးလှမီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ် အား ဂုဏ်ပြုနှုတ်ဆက်


ဇွဲလေး၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ပင်းတယ နှလုံးလှ မီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်အား ဒေသခံပြည်သူများမှ ဒီဇင်ဘာလ ၉ ရက်တွင် ပင်းတယမြို့နယ်ဓ္မတာရုံ၌ ဂုဏ်ပြုနှုတ်ဆက်ပွဲပြုလုပ်၍ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။
.
.
ဂုဏ်ပြုနှုတ်ဆက်ပွဲတွင် ပြည်သူ့ဂုဏ်ရည်ဆုရ ပင်းတယနှလုံးလှမီးအိမ်ရှင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံ ပြည်သူများက မြို့နယ်ဆေးရုံကြီးမှ ဂုဏ်ပြုနှုတ်ဆက်ပွဲ ပြုလုပ်ရာ မြို့နယ် ဓမ္မာရုံအထိ လမ်းတစ်လျှောက်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
.
ထို့အပြင် ဂုဏ်ပြုနှုတ်ဆက်ပွဲ ပြုလုပ်ရာ မြို့နယ်ဓမ္မာရုံကြီးတွင် ပင်းတယမီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားခဲ့ပြီး ပင်းတယမြို့သူ/မြို့သားများကိုယ်စား မြို့မိမြို့ဖ ဦးမောင်လေးက ဆရာဝန်ကြီ၏ ပင်းတယမြို့နယ်တွင် ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင် ဦးညီလေးချမ်း (ခ) ဦးညီညီတို့က ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
.
"ပင်းတယသူ၊ ပင်းတယသားတို့အတွက် ကျွန်တော်က ဧည့်သည်ပါ။ အချိန်တန်ရင် အိမ်ပြန်ရမှာပါပဲ။ ကျွန်တော် ဒီမှာတာဝန်ယူခဲ့တဲ့ အချိန်ကာလလေးမှာ ဒီမြို့လေးအတွက် ကျွန်တော် တတ်နိုင်သမျှ ဆောင်ရွက်ပေးနိုင်ခဲ့လို့ ဝမ်းသာရပါတယ်။ ကျွန်တော့်ထက် ဒီမြို့လေးမှာနေတဲ့ ဒေသခံ မိဘပြည်သူတွေက ဒီမြို့နယ် တိုးတက်သာယာ လှပအောင် ဆောင်ရွက်ရမှာပါ။ ထန်းပင်နဲ့ ညောင်ပင်လို လူနှစ်မျိုးနှစ်စားရှိတယ်။ ထန်းပင်က သူ့ပင်စည် တစ်ခုတည်းနဲ့ အမြင့်ရောက်အောင် တက်တာပါ။ ညောင်ပင်ကတော့ အကိုင်းအခက်အရွက်အလက် များစွာကိုလည်း အမြင့်ရောက်အောင် ဆောင်ရွက်ပေးတာပါ။ ဒါကြောင့် ညောင်ပင်နဲ့တူတဲ့ လူအဖြစ် ကြိုးစားကြ စေချင်ပါတယ်" ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်က နှုတ်ဆက်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ဆရာဝန်ကြီးအား ပင်းတယမြို့သူ/မြို့သားများမှ စေတနာမေတ္တာများဖြင့် စုပေါင်းပေးအပ်သော "ပင်းတယမြို့ ဂုဏ်ထူးဆောင်" ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေကျပ် ၁၅ သိန်း၊ ပရဟိတအဖွဲ့များမှ ပင့်ကူပုံ ရွှေရင်ထိုး၊ စေတမွန် လူမှုကူညီရေးအဖွဲ့မှ မီးအိမ်ပုံစံ ရွှေရင်ထိုး တို့အပြင် အခြားအဖွဲ့အစည်းများနှင့် ဒေသနေ ပြည်သူများမှ ဂုဏ်ပြဆုငွေများ၊ ဂုဏ်ပြုကဗျာများနှင့် ဒေသသထွက် လက်ဆောင်ပစ္စည်းများကို အသီးသီး ဂုဏ်ပြုနှုတ်ဆက် ပေးအပ်ခဲ့ကြပြီး ကျောင်းသူlကျောင်းသားများနှင့် ပရဟိတ ညီနောင်များက ဆရာဝကြီးအားဂုဏ်ပြု တေးသီချင်းများဖြင့်လည်းကောင်း၊ ရွာသစ်ရပ်ကွက် အမျိုးသမီး အိုးစည်အဖွဲ့မှ ဂုဏ်ပြုသံချပ်ကဗျာများဖြင့် လည်းကောင်း၊ ရွှေကိန္နရီတေးဂီတအဖွဲ့မှ ဆရာမ ဒေါ်ငြိမ်းငြိမ်းရွှေက "မြတ်ဆရာ" အမည်ရ ဂုဏ်ပြုတေးသီချင်း များဖြင့်လည်းကောင်း ဂုဏ်ပြုဖျော်ဖြေနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
.
ပြည်သူ့ဂုဏ်ရည်ဆုရ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်သည် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပင်းတယမြို့နယ်၌ ဒေသနေပြည်သူအားလုံး ပါဝင်နိုင်သော ကျန်းမာရေးကွန်ရက်တစ်ခု တည်ထောင်ကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သူတစ်ဦးဖြစ်ကာ ယခုအခါဆရာကြီး၏ ဇာတိဖြစ်သော မြောင်းမြမြို့နယ် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြာင့် ယခုဂုဏ်ပြုနှုတ်ဆက်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats