တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း ကျင်းပခွင့်မပြုသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရှုခင်းသာပန်းခြံတွင် ပြောင်းလဲကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း ကျင်းပခွင့်မပြုသည့် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရှုခင်းသာပန်းခြံတွင် ပြောင်းလဲကျင်းပ

ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် Human Right Educator Network မှ ကျင်းပပြုလုပ်သည့် ဖျော်ဖြေပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ရှုခင်းသာ ပန်းခြံအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို မူလက ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် ကျင်းပပြုလုပ်ခွင့် ရရှိရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်မပြုခဲ့သည့်အတွက် ယခုကဲ့သို့ ရှုခင်းသာပန်းခြံအတွင်း ပြောင်းလဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း Human Right Educator Network မှ မနှင်းနန္ဒာအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
“ဒီနေ့ ကျင်းပပြုလုပ်တဲ့ Internal Human Right Day ကို ဗိုလ်ချုပ်ပန်းခြံမှာ ကျင်းပဖို့အတွက် နိုဝင်ဘာ ၁၆ ရက်က ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေအပြင် မြို့နယ်စည်ပင်ကို စာပို့ခဲ့ပါတယ်။ စာပို့ပြီးတော့ နိုဝင်ဘာလ၂၆ ရက်မှာ လုံးဝခွင့်မပြုနိုင်ဘူးဆိုပြီး စာပြန်လာတယ်။ အဲဒါကြောင့် ဒီရှုခင်းသာပန်းခြံမှာ ပြောင်းလဲကျင်းပဖြစ်တာပါ။ အရင်နှစ် ကတော့ ဒီပွဲကို ဗိုလ်ချုပ်ပန်းခြံမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်''ဟု မနှင်းနန္ဒာအောင်က ပြောသည်။
.
အဆိုပါ ဖျော်ဖြေပွဲအခမ်းအနား၌ ကလေးသူငယ်များ၊ လူငယ်များ အပါအဝင် မိဘပြည်သူများအား လူအခွင့်အရေး သမိုင်းကြောင်းများနှင့် လူ့အခွင့်အရေးပါ အချက်အလက်များသိရှိစေရန် အသိပညာပေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ ပညာပေးတေးသီချင်းများ သီဆိုခြင်း၊ အနုပညာရှင်များမှ ဖျော်ဖြေခြင်းနှင့် ပညာပေး မှတ်တမ်း ရုပ်ရှင်များ ပြသခြင်း၊ လက်ဆောင်ပန်းစည်းများ ပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
.
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်အရေးကြေငြာစာတမ်း၌ လက်မှတ်ရေးထိုး ပါဝင်ထားခဲ့ သော်လည်း လူ့အခွင့်အရေးဆိုင်ရာ သီးခြားဥပဒေများ ပြဌာန်းထားခြင်းမရှိသည့်အတွက် လုံခြုံမှုများ ကင်းမဲ့နေ သည်ဟု ခံစားရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က အဆိုပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats