တောင်ကြီးတွင် ပထမအကြိမ် ရှမ်းပြည်နယ်ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဖိုရမ် ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ပထမအကြိမ် ရှမ်းပြည်နယ်ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဖိုရမ် ကျင်းပ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဒီဇင်ဘာ ၆ ရက်၊ နံနက် ရှမ်းပြည်နယ်ငါးမွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း မြန်မာ့ရေသတ္တ၀ါ မွေးမြူရေးကဏ္ဍ ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်း Myanmar SustainableAquaculture Programme(Mysap) မှ နည်းပညာ အကြံပေးဦးထက်ကိုကိုက ပြောသည်။
.
.
“Mysap အနေနဲ့ ဒီဖိုရမ်ကို ငါးလုပ်ငန်းဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ မြန်မာလူမှုစီးပွားရေးဖွံ့ဖြိုးရေးအဖွဲ့ (CESD)၊ ရှမ်းပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်၊ World Fish တို့နဲ့အတူပူးပေါင်းပြီး ငါးမွေးမြူထုတ်လုပ်ရေးနဲ့ ဆက်စပ် တက္ကသိုလ်တွေ၊ ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေ ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
.
အဆိုပါ ဖိုရမ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ မြန်မာနိုင်ငံတွင် ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဥပဒေနှင့်မူဝါဒ အရေးကြီးကြောင်း၊ Mysap စီမံကိန်းအနေဖြင့် National Aquaculture Development Plan-NADP ထွက်ပေါ်လာရေး ဆောင်ရွက် လျက် ရှိသည်ကို သိရှိရပြီး ယခုဖိုရမ်မှ အသေးစိတ်အချက်အလက်များ ရရှိရေးအတွက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ ရရှိလာသည့် ဆွေးနွေး အကြံပြုချက်များမှ ရှမ်းပြည်နယ် ငါးမွေးမြူထုတ်လုပ်ခြင်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အတွက် Forum များ၊ Workshop များ၊ Semminar များ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
“ရှမ်းပြည်နယ် ငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍနဲ့ ဆက်စပ်ပြီး လုပ်ကိုင်နေသူတွေအကြား စိန်ခေါ်မှုတွေ ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ အလားအလာတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးတာမျိုး၊ အရင်က သိပ်မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ ရှမ်းပြည်နယ် ငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍ ဆက်စပ်သူတွေအကြား သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပူးပေါင်းချိတ်ဆက် လုပ်ကိုင် နိုင်ရေး ဖြစ်ပေါ်လာဖို့အတွက် ကျင်းပတဲ့ ပထမအကြိမ် ဖိုရမ်ကို ကျွန်တော်တို့ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ဦးဆောင်ပံ့ပိုး ပေးလျက်ရှိပါတယ်” ဟု ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွန်ကြးရေးမှူး ဦးထွန်းလင်းက ပြောသည်။
.
ယင်းဖိုရမ်အပြီး Mysap မှ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်ရှိ သံလွင်မြစ်နှင့် မြစ်လက်တက်များ၊ အင်းလေးကန်တိုYသည် ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူထုတ်လုပ်ရေးအတွက် အဓိကကျသော အရင်းအမြစ်များဖြစ်ကြပြီး ငါးမွေးမြူထုတ်လုပ်သည့် နည်းပညာအကန့်အသတ်ရှိသော ငါးမွေးတောင်သူများ ချိတ်ဆက်၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် အခွင့်အလမ်းများဖန်တီးပေးခဲ့ကြောင်း၊ အနာဂါတ်ကာလတွင် တောင်ကြီးတက္ကသိုလ်သည် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အဓိကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်ဟု တောင်ကြီးတက္ကသိုလ်သတ္တဗေဒဌာနမှ ပါမောက္ခ ဒေါက်တာနွယ်နွယ်စန်း က ပြောသည်။
.
အဆိုပါ ဖိုရမ်သို့ ငါးမွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်သည့် အစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့်အသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး မူဝါဒနှင့်အဖွဲ့ အစည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်း၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း၊ ပညာပေးရေး အားလုံးပါဝင်မှုနှင့် မျှတသော အလုပ်အကိုင် အခွင့်အလမ်း၊ ရေသတ္တ၀ါမွေးမြူရေးလုပ်ငန်း အခွင့်အလမ်းနှင့် သွင်းအားစု၊ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရေ သတ္တ၀ါ မွေးမြူရေးလုပ်ငန်း စားနပ်ရိက္ခာဖူလုံရေးနှင့် အဟာရခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats