ထက်တိုင်းကျော်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လယ်ရှိ
လွတ်လပ်ရေး ကျောက်တိုင်အ၀ိုင်းပတ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့်
ဒီဇင်ဘာလ လူထုအားကစား လမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
.
"နှစ်တိုင်းပဲ ဌာနဆိုင်ရာတွေ ကျောင်းသားကျောင်းသူတွေနဲ့
ပြည်သူတွေ စုပေါင်းပါဝင်ပြီး ဒီဇင်ဘာအားကစားလရဲ့ အပတ်စဉ်စနေနေ့ မနက်တိုင်းမှာ လုပ်ကြပါတယ်။
ခုဒီနှစ်မှာတော့ ဖွင့်ပွဲစတဲ့နေ့မှာပဲ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်
ဝန်ကြီးတွေ ပါလာတော့ ပိုပြီးလှလှပပ ဖြစ်သွားပါတယ်"ဟု ကျိုင်းတုံမြို့နယ် အားကစားမှူး
ဦးစိုင်းချစ်အောင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ လမ်းလျှောက်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ
ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား၂၅၀၀
ကျော်က ပါဝင် ဆင်နွှဲခဲ့ကြပြီး တောင်ကြီးလမ်းမှ နောင်တုန်ကန်သို့ ပတ်ကာ မဟာမြတ်မုနိ
အဝိုင်းပတ်နေရာမှ ကျိုင်းတုံမြို့ အားကစားကွင်းသို့ ဝင်ရောက်၍ စုပေါင်းကိုယ်လက်လေ့ကျင့်ခန်းများကို
ပြုလုပ်ခဲ့ကြသည်။