ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာန ၂ ခုအား ၁ ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဌာန ၂ ခုအား ၁ ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်း


ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်လျက် ရှိရာ အစည်းအဝေး အစီအစဉ် ပထမပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန နှင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာန တို့အား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။
.
.
လွှတ်တော်အစည်းအဝေးတွင် ပထမဦးစွာ ကတိသစ္စာ မပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များက ကတိသစ္စာပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဆွေသိန်းမှာ ကွယ်လွန်သွားသည့်အတွက် ၎င်း၏နေရာတွင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကာ ယခင်က ပြည်နယ်ဝန်ကြီးဌာန ၉ ခုမှ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာန ၈ ခုအဖြစ် ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
.
ဆက်လက်ပြီး အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ပြည်နယ်လွှတ်တော် ဥက္ကဌ မှ ဖတ်ကြားရာတွင် ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနနှင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာန တို့ကို ပေါင်းစပ်ဖွဲ့စည်းရေးအတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးနိုင်ရန်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ သို့ဖြစ်၍ ပြည်နယ်ဝန်ကြီးဌာန ပေါင်းစပ်ဖွဲ့စည်းရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ ကန့်ကွက် သူမရှိသည့်အတွက် ပြည်နယ်ဝန်ကြီးဌာန ၂ ခု ဖွဲ့စည်းခြင်းအား အတည်ပြုကြောင်း ကြေညာခဲ့သည်။
.
ယနေ့ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး ပထမနေ့တွင် လွှတ်တ်ေသို့ တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦး ရှိသည့်အနက် လွှတ်တော်ကိုယ်စားလှယ် ၁၂၂ ဦး တက်ရောက်ခဲ့ပြီး ခွင့်ပန်ကြားသူ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၈၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးမှ မေးခွန်း ၁၄ ခု မေးမြန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats