လားရှိုး လွတ်လပ်ရေးပန်းခြံအတွင်းရှိ ရင်ပြင်အား ပြင်ဆင်ရန် ခေတ္တပိတ်ထားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, December 30, 2018

လားရှိုး လွတ်လပ်ရေးပန်းခြံအတွင်းရှိ ရင်ပြင်အား ပြင်ဆင်ရန် ခေတ္တပိတ်ထားမည်

နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့လွတ်လပ်ရေးပန်းခြံအတွင်းရှိ လွတ်လပ်ရေးရင်ပြင်အား ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အမီ လိုအပ်သည်များ ပြင်ဆင်မွမ်းမံခြင်းများ ပြုလုပ်မည် ဖြစ်သောကြောင့် ရင်ပြင်အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။
လားရှိုးမြို့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားကို သန့်ရှင်းသပ်ရပ်စွာဖြင့် ကျင်းပနိုင်ရန်အတွက် အများပြည်သူများ၊ ကျန်းမာရေးအတွက် လေ့ကျင့်လာသူများနှင့် ပျော်ပွဲရွင်ပွဲ လာရောက်ကျင်းပသူများ အသုံးပြုနေသည့် ရင်ပြင်ကို ခေတ္တပိတ်ရခြင်းဖြစ်ကြောင်း သိရသည်။
“လွတ်လပ်ရေးနေ့ ကျင်းပဖို့ အတွက်ပါ။ ဆေးသုတ်တာတွေ၊ ပေါက်နေတာတွေကို ပြင်မယ်။ ဖြတ်ထားတဲ့အပင်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်မယ်။ ရင်ပြင်အလံတိုင်ရှေ့မှာ အလေးပြုခံ စင်လေးတွေ ပြန်လုပ်ရမယ်။ ဒါတွေလုပ်နေတဲ့ အချိန်မှာ ပြည်သူများအနေနဲ့ သည်းခံပေးကြပါလို့ ပြောချင်ပါတယ်။’’ဟု လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦးက ပြောသည်။
၇၁ နှစ်ပြည့် လွတ်လပ်ရေးနေ့တွင် လားရှိုးမြို့စည်ပင်သာယာလှပစေရေးအတွက် လိုက်လံဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် မြို့နေလူထုလည်း ပါဝင်ပူးပေါင်းပေးစေလိုပြီး လားရှိုးမြို့တွင်း လမ်းချဲ့ခြင်း လုပ်ဆောင်ရာတွင် လမ်းနှင့် မလွတ်သော ပန်းခင်းများကိုလည်း ရွှေ့ပြောင်းခဲ့ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
“အခုမှ တကယ့် လွတ်လပ်ရေးပန်းခြံဖြစ်လာတာပါ။ တနင်္ဂနွေညနေမှာဆိုရင်လည်း ကျန်းမာရေးအကတွေလုပ် ကြတယ်။ ဒီဇင်ဘာ၂၅ ရက်ညကလည်း အကအဖွဲ့တွေအများကြီးနဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။ အခုလိုပြုပြင် မှုတွေလုပ်တာကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခု ပန်းခြံထဲမှာ ရေကူးကန်ထားပေးဖို့ တောင်းဆိုချင်ပါတယ်။’’ဟု ပန်းခြံသို့ လာရောက်လေ့ရှိသူ ကိုကျော်မျိုးဆွေက ပြောသည်။
ထို့အပြင် လားရှိုးမြို့ လှပတင့်တယ်စေရေးအတွက် ဌာနဆိုင်ရာများကလည်း သက်ဆိုင်ရာ အုတ်တံတိုင်းများ အား ဆေး၊ ထုံးသုတ်ခြင်းများဆောင်ရွက်နေခြင်းကြောင့် လားရှိုးမြို့နေ လူထုကလည်း မိမိတို့၏ နေအိမ် အုတ်တံတိုင်းများလှပစေရေးအတွက် ဆေး၊ ထုံးသုတ်ခြင်းနှင့် သန့်ရှင်းရေးများဆောင်ရွက်ခြင်းဖြင့် ကူညီ ပေးစေလိုကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

Recent Tube