မောင်သန်းဖေ(အင်းလေး)
.
ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊
အဆင့်အတန်းမခွဲခြားဘဲ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင်
အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသော်လည်း စိတ်ဝမ်းမကွဲဘက် လက်တွဲမဖြုတ်စတမ်း
အေးအတူ ပူအမျှ စုပေါင်းဆောင်ရွက်ကြမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်ထင်ပါသည်။
.
.
တိုင်းပြည်ထူထောင်ရာတွင်
အစိုးရအဖွဲ့အစည်း၊ တပ်မတော်အဖွဲ့အစည်း၊ ဌာနဆိုင်ရာအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊
လူမှုရေးအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ စာပေဂီတနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း၊ တောင်သူလယ်သမား၊
အလုပ်သမား၊ လူထု လူတန်းစားပေါင်းစုံ အားလုံး အကျုံးဝင်ပါသည်။
ကျွန်တော်တို့
မြန်မာနိုင်ငံသည် ၁၈၂၄ အင်္ဂလိပ၊် မြန်မာ ပထမစစ်ပွဲ တနင်္သာရီ၊ ရခိုင်။ ၁၈၅၂ အင်္ဂလိပ်၊ မြန်မာ
ဒုတိယစစ်ပွဲ ရန်ကုန်၊ ပုသိမ်၊ ပဲခူး၊ သရက်အထိ။ ၁၈၈၅ အင်္ဂလိပ်၊ မြန်မာ တတိယစစ်ပွဲ (သီပေါမင်းပါတော်မူ
သည်) ဟူ၍ စစ်ပွဲသုံးပွဲဖြစ်ပွားခဲ့ရာ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့ရပြီး ၁၈၈၅ ခုနှစ်တွင်
မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရသည်။ အင်္ဂလိပ်တို့သည် မြန်မာပြည်သူတို့ကို
နှစ်ပေါင်း တစ်ရာကျော်အထိ ကျွန်ပြုခဲ့ကြသည်။
.
နှစ်ပေါင်းတစ်ရာကျော်အထိ
ကျွန်ပြုခဲ့ကြသည့်အင်္ဂလိပ်တို့ကို သူ့ကျွန်မခံလိုသည့် မြန်မာတိုင်းရင်းသား သူရဲကောင်းတို့သည်
ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ပါ။ လက်နက်အင်အား၊
လူအင်အားမညီမျှခြင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ၊ တိုက်ပွဲမှာကျဆုံးခဲ့ရသူတွေ၊ ကြိုးပေးသတ်ဖြတ်ခံရသူတို့သည်
မြန်မာတိုင်းရင်းသားများ မျိုးချစ်စိတ်ဓာတ်ရင့်သန်လာအောင် ရှေ့ဆောင်လမ်းပြပေးခဲ့ကြသည့်
အာဇာနည်သူရဲကောင်းများ ဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်ပါ။
.
၁၉၃၈ ခုနှစ်တွင်
၁၃ဝဝ အရေးတော်ပုံ ပေါ်ပေါက်လာသည်။ ထို ၁၃ဝဝ အရေးတော်ပုံတွင် ခေတ်ပညာတတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊
တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ မျိုးချစ်စိတ်ပြင်းထန်သည့် မြန်မာအမျိုးသား အမျိုးသမီးများ
ပါဝင်လာကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် မျိုးချစ်စိတ် ပြင်းထန်သည့် စာပေပညာရှင်အချို့ကလည်း
အမျိုးသားရေးကို ရှေ့တန်းတင်ပြီး မြန်မာလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်လာစေရန်
ရေးသားလှုံ့ဆော်ခဲ့ကြသည်။
.
တဖြည်းဖြည်းနှင့်
တက္ကသိုလ်ကျောင်းသား မြန်မာလူငယ်များသည် မျိုးချစ်စိတ်ဓာတ်ပြင်းထန်လာကြပြီး 'သခင်မျိုးဟေ့
ဒို့ဗမာ''မြန်မာပြည်သည် ဒို့ပြည်' 'ဗမာစာသည် ဒို့စာ' ဟုကြွေးကြော်လာကြပြီး နာမည်ရှေ့တွင်
သခင်တပ်ခေါ်လာကြသည်။
.
၁၉၄ဝ-၄၁ ခုနှစ်တွင်
မြန်မာပြည်လွတ်လပ်ရေးအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းသည်
မျိုးချစ်လူငယ် ၃ဝ နှင့် ဂျပန်ပြည်တွင် စစ်ပညာသင်ယူခဲ့သည်။ ဂျပန်တွင် စစ်ပညာသင်ယူပြီး
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဘီအိုင်အေတပ်ကိုဖွဲ့စည်းပြီး ဂျပန်အကူအညီနှင့် မျိုးချစ်တိုင်းရင်းသားလူငယ်များပူးပေါင်းကာ
အင်္ဂလိပ်ကို တိုက် ထုတ်နိုင်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဘီအိုင်အေ တပ်တွေ
ရန်ကုန်မြို့ ကိုသိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံကို
ဂျပန်တို့စစ်အုပ်ချုပ်ရေး၊ ၁၉၄၂ ဇူလိုင် ၁၇ ရက်နေ့တွင် ဂျပန်ဘုရင် အမိန့်အရ ဘီအိုင်
အေကို ဖျက်သိမ်းပြီး ဘီဒီအေ ဗမာ့တပ်မတော် ကာကွယ်ရေးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
.
မြန်မာပြည်သူတို့သည်
ကျားကိုကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးသည့် ကိန်းနှင့် ကြုံတွေ့ခဲ့ရသည်။
လွတ်လပ်ရေး ရလို၍ ဂျပန်ကိုအားကိုးခါမှ ဂျပန်က အင်္ဂလိပ်ထက် ဆိုးနေပြန်သည်။ ထိုစဉ်က ဂျပန်စစ်သားတို့
သည် မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားသည့် နေရာများကို ဖျက်ဆီးခြင်း၊ မြန်မာလူထုကို
ညှင်းပန်း နှိပ်စက်ခြင်း၊ မြန်မာ အမျိုးသမီးများကို အလိုမတူဘဲ အနိုင်ကျင့်ခြင်းများအထိ
စော်ကားလာခဲ့ကြသည်။
.
ထို့ကြောင့်
၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ မျိုးချစ်လက်နက်ကိုင် ပြောက်ကျားတပ်များက
ဂျပန်ကို တိုက်ထုတ်ရပြန်ပါသည်။ ဂျပန်ကို တိုက်ထုတ်ရာတွင် အိန္ဒိယနိုင်ငံသို့ ရောက်နေသည့်
သခင်စိုးနှင့် သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) မှ အင်္ဂလိပ် မဟာမိတ်တပ်များနှင့်
ချိတ်ဆက်ပေးပြီး အင်္ဂလိပ်မဟာမိတ်တပ်များ၏ အကူအညီကို ယူရပြန်သည်။
.
ဂျပန်ကိုတိုက်ထုတ်ပြီးသော်လည်း
လွတ်လပ်ရေးမရသေးပါ။ အင်္ဂလိပ်တို့သည် ၁၉၂၃ မှ ၁၉၄၇ အထိ အုပ်ချုပ်ရေးပုံစံ နာမည် အမျိုးမျိုး
ပြောင်းပြီး အုပ်ချုပ်ခဲ့ကြသည်။ ၁၉၂၃ တွင် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၃၂ တွင် တွဲရေးခွဲရေး၊
၁၉၃၅ တွင် ၉၁ ဌာန အုပ်ချုပ်ရေး၊ ၁၉၄၆ တွင် ဘုရင်ခံအတိုင်ပင်ခံ အုပ်ချုပ်ရေး တို့ဖြစ်သည်။
.
ပြည်သူလူထုမှာ
တုံးအောက်က ဖားဘဝမှ မလွတ်မြောက်ခဲ့။ ထိုစဉ်က အင်္ဂလိပ်တို့သည် သွေးစည်းညီညွတ်နေသော မြန်မာမျိုးချစ်အချို့တို့ကို
ငါးထောင်စားရာထူးများပေးပြီး သွေးစည်းမှုကို သွေးခွဲခဲ့ကြသည်။ ငါးထောင်စား ရာထူးရသွားသူ
များကလည်း ရာထူးမှာမှုးယစ်ပြီး တစ်ချိန်က လွတ်လပ်ရေးအတွက် လက်တွဲလုပ်ကိုင်ခဲ့သူတွေကို
ဖိနှိပ်ချုပ်ချယ်လာကြသည်။ ကိုယ့်ကိုယ်ကို အင်္ဂလိပ်အလိုရိအဖြစ် ငါးထောင်တန်ကျွန်ခံနေမှန်း
မတွေးမိလေသလားမသိ။
.
ဗိုလ်ချုပ်
အောင်ဆန်းမှာ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးသည့် ခေါင်းဆောင်ကောင်း
ပီသပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အချိန်တိုအတွင်း စည်းရုံး လုပ်ဆောင်နိုင်ခဲ့သူ
ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့သူဖြစ်သည်မှာ လူတိုင်း
အသိပင်။
.
သို့ရာတွင်
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ လွတ်လပ်ရေးအတွက် ကြိုးပမ်း ရင်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ
၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ငါးလခန့်အကြာ
၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့မှ အင်္ဂလိပ်တို့ မြန်မာပြည်ကို လွတ်လပ်ရေး ပေးခဲ့သည်။
.
လွတ်လပ်ရေးရပြီး
ဝန်ကြီးချုပ်ဦးနုအစိုးရဖြစ်လာသည်။ ဦးနုအစိုးရတက်လာပြီးမကြာခင် တိုင်းပြည်လွတ်လပ်ရေးအတွက်
အတူလက်တွဲပြီးတိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးသမားများ သဘောထား ကွဲလွဲလာကြသည်။ ဖဆပလလည်း
နှစ်ခြမ်းကွဲသွားခဲ့သည်။ ကရင်အရေးအခင်း၊ ဗကပ၊ ရဲဘော်ဝါ၊ ရဲဘော်ဖြူတွေနှင့် ပြည်တွင်းစစ်ခင်းခဲ့ရသည်။
လွတ်လပ်ရေးမရမီက တိုင်းပြည်လွတ်လပ်ရေးအတွက် လက်တွဲ လုပ်ကိုင်ခဲ့ကြပြီး လွတ်လပ်ရေးရပြီးခါမှ
စိတ်သဘောထားကွဲပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လက်တွဲ မလုပ်နိုင်ကြသည်မှာ စိတ်မကောင်းစရာဖြစ်ပါသည်။
.
ကျွန်တောတို့နိုင်ငံ
လွတ်လပ်ရေးရသည်မှာ နှစ် ၇ဝ ရှိခဲ့ပြီ။ အစိုးရအမျိုးမျိုး ခေတ်စနစ်အမျိုးမျိုး ပြောင်းလဲအုပ်ချုပ်ခဲ့ကြသည်။
၁၉၄၈ မှ ၁၉၆၂ ထိဝန်ကြီးချုပ်ဦးနု၏ ပါလီမန်ဒီမိုကရေစီခေတ်။ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်ထိ ဗိုလ်ချုပ်ကြီးနေဝင်း၏
မဆလ အစိုးရ။ ၁၉၈၉ ခုနှစ်သမ္မတဒေါက်တာမောင်မောင်။ (သုံးလခန့်ကြာသည်) ၁၈-၉-၁၉၈၉ နေ့တွင်
ဗိုလ်ချုပ်မှူးကြီးစောမောင်အာဏာသိမ်းပြီး နဝတ ခေတ်။ ၁၉၉၄ တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏
နအဖခေတ်။ ၂ဝ၁ဝ တွင်ဗိုလ်ချုပ်ကြီးသိန်းစိန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးခေတ်။
၂ဝ၁၅ တွင် အမျိုးသားဒီမိုကရေစီအစိုးရခေတ်။ နှစ် ၇ဝ အတွင်း အစိုးရအမျိုးမျိုး၊ ခေတ်စနစ်
အမျိုးမျိုး၊ ပြောင်းလဲအုပ်ချုပ်ခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု ထင်သလောက် ခရီးမရောက်ခဲ့ပါ။
ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေခြင်းမှာ ပြည်တွင်းစစ်နှင့် ခေတ်စနစ် ပြောင်းလဲမှု မှားယွင်းနေခြင်းကြောင့်လား။
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိခြင်းကြောင့်လား၊ ဆိုသည်ကို ဝေဖန်ဆန်းစစ်သင့်ပါသည်။
အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် နှိုင်းယှဉ်ကြည့်လျှင် မှားမည်မထင်ပါ။
.
ထို့ကြောင့်
တိုင်းပြည်ထူထောင်ရာတွင် အစိုးရအဖွဲ့စည်း တစ်ခုတည်း တာဝန်ရှိသည်မဟုတ်ပါ။ ဌာနဆိုင်ရာ
အားလုံး၊ ပြည်သူလူထုအားလုံး စည်းစည်းလုံးလုံးနှင့် လက်တွဲဆောင်ရွက်ကြရလိမ့်မည်။ အတ္တစိတ်တွေ၊
လောဘ ဒေါသ မာန်မာနစိတ်တွေ လျှော့ချပြီး မျိုးချစ်စိတ်ဓာတ် မွေးမြူကြရပါလိမ့်မည်။ တိုင်းပြည်ကျွန်ဖြစ်နေ
စဉ်က တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးသည့် စစ်မှန်သည့်မျိုးချစ်စိတ်နှင့် တိုင်းပြည်လွတ်လပ်ရေးကို
အရယူပေးခဲ့ကြသည်။ ယခုလည်းကျွန်တော်တို့က မျိုးချစ်စိတ်ကို မွေးမြူကြပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်ရမည်မှာ ပြည်ထောင်စုသားတိုင်း၏ သမိုင်းပေး တာဝန် ဖြစ်ပါသည်။
.
ထို့ကြောင့်
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊
အဆင့်အတန်းမခွဲခြားဘဲ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်
အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရသော်လည်း စိတ်ဝမ်းမကွဲဘဲ လက်တွဲမဖြုတ်စတမ်း
အေးအတူပူအမျှ စုပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု
ယုံကြည်မိပါသည်။
.
ပြည်ထောင်စု
မြန်မာနိုင်ငံသားအားလုံး ပြည်ထောင်စု စိတ်ဓာတ် မွေးမြူကြပါဟု တိုက်တွန်းလိုက်ရပါသည်။
.
.
.
#KBZTai #Shan