ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
နယ်မြေ (၈) ရှိ ရက္ခသာဒီကျောင်းတိုက်တွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းက ၄၄ နှစ်မြောက်
ရခိုင်ပြည်နယ်နေ့ အခမ်းနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“အရင်တုန်းကတော့ နေရာထိုင်ခင်း အခက်အခဲ ရှိတဲ့အတွက် အခမ်းအနားနဲ့
ကျင်းပပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ အခုမှ အခမ်းအနားနဲ့ လုပ်ဖြစ်တာပါ။ အရင်တုန်းက ရခိုင်ပြည်နယ်ဆိုတာ
မရှိခဲ့ပါဘူး။ လွတ်လပ်ရေးရတုန်းက ရခိုင်ပြည်နယ်ကို တိုင်းတစ်ခုအနေနဲ့ပဲ သတ်မှတ်ခဲ့ပါတယ်။
၁၉၇၄ ခုနှစ် ရောက်မှ ရခိုင်ပြည်နယ်လို့ သတ်မှတ်ခဲ့ တာပါ။ အဲဒါကြောင့် ဒီနှစ်ဆိုရင်
၄၄ နှစ် ရှိပါပြီ။ ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရခိုင်လူမျိုးတွေချည်းသက်သက်
စည်းလုံးနေရုံမက အနယ်အနယ်အရပ်ရပ်က ရခိုင်တိုင်းရင်းသား တွေကို စည်းလုံးစေချင်လို့ပါ”
ဟု ရခိုင်မိသားစု သာရေးနာရေးအသင်းမှ စည်းရုံးရေးတာဝန်ခံ ဦးဇော်ခင်က ကမ္ဘောဇတိုင်းသို့
ပြောကြားခဲ့သည်။
အဆိုပါ ၄၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် တက်ရောက်လာသူများးမှ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ရခိုင်ပြည်နယ်အလံတို့အား အလေးပြုခြင်း၊
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော ၄၄ နှစ်မြောက်ရခိုင်ပည်နယ်နေ့သဝဏ်လွှာအား
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာ့တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ
ဖတ်ကြားခြင်း၊ ရခိုင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံနှင့် ရခိုင်ပြည်နယ်အကြောင်းကို ရခိုင်အမျိုးသား
ဦးစံရွှေမှ ရှင်းလင်းဖတ်ကြားခြင်း၊ ရခိုင်မိသားစု သာရေးနာရေးအသင်း (တောင်ကြီး)မှ ဦးမြင့်ရွှေက
ကျေးဇူးတင်စကားပြောကြားခြင်း၊ ဂုဏ်ပြုမှတ်လမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင် ရခိုင်ပြည်နယ်နေ့အခမ်းးအနားကို ယခုတစ်ကြိမ်
အပါအဝင် ၄ ကြိမ်ကျင်းပပြုလုပ် ခဲ့ပြီး ဖြစ်ကာ လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan