ကျော်လင်းထွန်း (ချောင်းဦး)
.
.
“ကထိန်''အကြောင်းပဲဖြစ်ဖြစ်၊
''တန်ဆောင်တိုင်''အကြောင်းပဲဖြစ်ဖြစ် ဆောင်းပါးတစ်ပုဒ်နှင့်တော့ မပြည့်စုံနိုင်ပါ။
ရှေးကျမ်းအလာ အခိုင်အခန့်များစွာရှိနေသော ဤအကြောင်းများကို စာဖတ်သူများအချိန်အနည်းငယ်ပေး၍
ဖတ်ရှုရုံဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် သိသင့်သောအကြောင်းအရာ အနည်းငယ်မျှကို သိရှိသွားလျှင်ပင်
စာရေးသူကျေနပ်ရပါမည်။
ကထိန်ဆိုတာ
''ကထိန်''ဟူသည်မှာ ''ကထိန်''ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုကာ မြန်မာစာဝေါဟာရ ကထိန်ဖြစ်လာပါသည်။
ကထိနသိက္ခာပုဒ်မှာ ရဟန်းတော်များ ချမ်းအေးမှုဒဏ်ခံနိုင်ရန် အပိုသင်္ကန်း (အဓိဌာန်တင်၊ ဝိကပ္ပနာပြုပြီးသော
သင်္ကန်းထက်ပို၍ ယူခွင့်ရသောသင်္ကန်း)ချုပ်ခြင်း၊ဖြတ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း
စသောကထိန်နှင့် စပ်သမျှ အရာများအားလုံးခြုံငုံ၍ ပြုလုပ်ခွင့်ရသော ပုဒ်ဖြစ်သည်။ အကျဉ်းမျှ
ရှင်းရလျှင် ဂေါတမဗုဒ္ဓမြတ်စွာ တစ်ဝါအရတွင် ဗာရာဏသီပြည်မှ ဥရုဝေလတောသို့ တစ်ပါးတည်း
ဒေသစာရကြွချီခဲ့စဉ် လမ်းခရီးအကြား၌ ကပ္ပာသိကတောအုပ်၏တစ်ခုသော သစ်ပင်ရင်းတွင် ခေတ္တနားနေတော်
မူခဲ့သည်။ ဤတွင် ပါဝေယျပြည်သား ''ဘဒ္ဒဝဂ္ဂီ''မည်သော မင်းသားညီနောင်တို့ တောတွင်း၌ မိန်းမပျောက်ရှာဖွေနေကြစဉ်
ဘုရားရှင်နှင့်တွေ့ကြသည်။ ထိုမှ တရားထူးများရကာ ''ဧဟိဘိက္ခု''ရဟန်းအဖြစ်ရောက်ကြ၍ တိစီဝရိတ်(သင်္ကန်းသုံးထည်သာဆောင်ခြင်း)စသော
စုတင်တို့ကို ကျင့်ဆောင်ကြသည်။
.
တန်ဆောင်တိုင်
.
ထို ''ဘဒ္ဒဝဂ္ဂီ''ရဟန်းသုံးကျိပ်တို့သည်
ကာလအတန်ကြာသော် ဘုရားရှင်အား ဖူးမြော်ရန် ပါဝါမြို့မှ သာဝတ္ထိပြည်သို့ ထွက်ခဲ့ရာ ဝါဆိုမမီကြဘဲ
သာကေတမြို့တွင် ဝါကပ်ခဲ့ကြရသည်။ သီတင်းကျွတ်သောအခါ ဝါကျွတ်ပြီဖြစ်၍ ပဝါရဏာပြုပြီး သာဝတ္ထိသို့
ခရီးဆက်ခဲ့ရာ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မိုး ရေ၊ ရွှံ့ညွှန်ရောပြွမ်းသော
ခရီးကြမ်းတွင် သင်္ကန်းစိုရွှဲ၊ ညစ်ကြေးစွန်းကပ်သဖြင့် ပင်ပန်းခွေယိုင်ကာ အနိုင်နိုင်
လာခဲ့ရသည်။ ဤသို့ ခက်ခဲ ပင်ပန်းစွာ ကြွလာသော ခရီးသည် ရဟန်းတို့အား မဟာကရုဏာရှင် ဘုရားသခင်
မြင်တွေ့တော်မူသောအခါ သနားတော်မူ၍- (၁) အဓိဋ္ဌာန်တင် သင်္ကန်းသုံးထည်တို့တွင် တစ်ထည်ထည်ကို
ထား၍ မပင်မပန်း ပေါ့ပါးရွှင်လန်းစွာ သွားနိုင်ကြပါစေ။ (၂) သင်္ကန်းရှားပါး နွမ်းပါးခြင်းမှ
ကင်းကြပါစေ၊ စသော ရည်ရွယ်ချက်တို့ဖြင့် ရှေးဘုရားရှင်တို့၏ အစဉ်အလာအတိုင်း ကထိန်ခင်းခြင်းကို
ခွင့်ပြုတော်မူလိုက်ရာမှ ကထိန်ပွဲတော် ဖြစ်ပေါ်လာပါသည်။
.
ကထိန်သင်္ကန်းလှူဒါန်းနည်း
.
ကထိန်သင်္ကန်းလှူဒါန်းနည်း၊
လှူဒါန်းပုံသည် အလွန်အရေးကြီးပါသည်။ အလှူရှင်သည် လှူဒါန်းနည်းမကျဘဲ လှူဒါန်းခဲ့သော်
''ညောင်ပင်ကြီးလောက် လှူသော်လည်း၊ ညောင်စေ့လောက်ရ''ဖြစ်တတ်ပါတယ်။ ကထိန် အလှူ သည် ပုဂ္ဂိုလ်
ဂိုဏ်းဂဏ တို့ကို ရည်မှန်း၍လှူဒါန်းရသော ပညတ်အလှူမျိုး မဟုတ်ရဘဲ သံဃာ့ဂုဏ်ကို အာရုံပြု၍
လှူဒါန်းရသော ပရ မတ်အလှူမျိုးဖြစ်ရပါမည်။ ပုဂ္ဂိုလ်စွဲ(ငါတို့ဘုန်းကြီး)၊ ကျောင်းစွဲ(တို့လူမျိုးကျောင်းပဲ
လှူရအောင်)၊ ပညတ်အာရုံစွဲ(သူဌေးတွေက အဲဒီကျောင်းလှူလို့ စီးပွားပိုတက်တာတဲ့)စသဖြင့်
ပကာသနစွဲ လွှမ်းမိုး၍ ကထိန်ခင်းခဲ့သော် စာဖတ်သူတို့ စဉ်းစားကြပါကုန်။ ကထိန်သင်္ကန်း ကပ်လှူရာနေရာသည်
ကျောင်းဝင်းအတွင်း မဟုတ်ဘဲ ကျောင်းဝင်းပြင်ပလည်း လှူဒါန်းနိုင်ပါ၏။ သို့သော် ကထိန်ခင်းခြင်း
ကိစ္စကိုမူ ကျောင်းဝင်းပြင်ပလုပ်၍မရဘဲ ကျောင်းဝင်းအတွင်း ''ဥပစာရသိမ်''ရှိရာ ဝါဆိုကျောင်းဝင်းအတွင်းမှာ
သံဃာပြည့်ပြည့်စုံစုံ(ကထိန်ခံသော ရဟန်းအပြင် အနည်းဆုံး သံဃာ ၄ ပါး ရှိရန်) ဖြင့်ကထိန်
ခင်းရပါသည်။ ကထိန်ခံသော ရဟန်းအား သံဃာက ကထိန်လျာသင်္ကန်းကိုပေးအပ်သောအခါ သမုတ်ထားသည့်သိမ်အတွင်း၌
ဥတ်တစ်ကြိမ်၊ ကမ္မဝါစာတစ်ကြိမ် ရွတ်ဖတ်ပေးအပ်ရသည်။ ဤသို့ ဥတ်ကမ္မဝါစာတို့ဖြင့် ပေးအပ်ရသည်ကို
အစြွဲ့ပု၍ ဥတ်သင်္ကန်း “ဥတ်ကထိန်” ဥတ်မကြီးပဒေသာပင် စသည်ဖြင့် ခေါ်ဝေါ်ကြခြင်းဖြစ်သည်း
.
ကထိန်ကျေးဇူး
.
ကထိန်ခင်းခြင်းအားဖြင့်
ကထိန်ခင်းခဲ့သောရဟန်းတို့ ရသည် ငါးလခံအကျိုး ၅ မျိုး(သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ)နှင့် ကထိန်သင်္ကန်းလှူဒါန်းသူရရှိသော
တူသောအကျိုး(သဒိသံ ပါကံဇနေတိ) ၅ မျိုးရှိပါသည်။ ကထိန်ခင်းသော ရဟန်းတို့ ရအပ်သော ၅ လခံအကျိုး
၅ မျိုးမှာ- (၁) ဒါယကာ တစ်ဦးဦးက မအပ်သောအသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိ
ရဟန်းများကို မပန်ကြားဘဲ ရွာတွင်း(ရပ်ကွက်/မြို့အတွင်း)သွားနိုင်ခြင်း။ (၂)တိစီဝရိတ်(သင်္ကန်း-၃
ထည်)အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း။
(၃) ရလာသမျှ သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။ (၄) မအပ်သောပင့်နည်းဖြင့်
ဆွမ်းစားပင့် သော်ငြားလည်း လေးပါး၊ လေးပါးထက်ပိုသောရဟန်းကို စုပေါင်းခံယူဘုန်းပေးနိုင်ခြင်း။
(၅) ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ၌ ဖြစ်ပေါ်နေသော သံဃိက သင်္ကန်းများကို ကထိန်ခင်းသော
ရဟန်းတို့သာ သုံးစွဲနိုင်ခြင်း။ စသော အကျိုးများဖြစ်ကြသည်။
.
ကထိန်ခင်းသော
(သို့မဟုတ်) ကထိန်သင်္ကန်းလှူသော လှူဒါန်းသူ အလှူရှင်မှာလည်း (၁) သွားလေရာ အရပ်တို့၌
အနှောင့်အယှက်မရှိဘေးကင်းစွာ သွားရခြင်း။ (၂) မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
(၃) စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။
(၄) မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
(၅) ပစ္စည်းရှာရာတွင် သူတကာထက်ထူး၍ (ထီပေါက်သကဲ့သို့) အစုလိုက်၊ အပြုံလိုက်ရရှိခြင်း
စသော အကျိုး ၅ မျိုး ခံစား၊ စံစား ရရှိပါသည်။
.
တန်ဆောင်တိုင်
.
''တန်ဆောင်ငယ်မာသ၊
ဆယ့်နှစ်လတွင် ချမ်းမြေ့ဧရင်၊ ဗြိစ္ဆာခွင်သို့ ရက်ငင်ပြောင်စွာ၊ ခဝဲညှာလဲခိုင်လွှာဝတ်မှုန်၊
ရနံ့သာထုံတော့တယ် ဘုန်းဂုဏ်ကြော့သမ္ဘိန်မှာ လှူကထိန်သဘင်ခင်းလို့၊ ကျင်းကြတယ်လေး''
(မဟာအတုလမင်းကြီး)
.
ယနေ့အခေါ်
''တန်ဆောင်မုန်း''ကို ရှေးယခင်က ''တန်ဆောင်မှုန်း''ဟု တွင်ခဲ့ကြသည်ဟုဆိုသည်။ မီးရှူးတန်ဆောင်များ
ထွန်းညှိ၍ တာဝတိံသာနတ်ပြည်''စူဠာမဏိ''စေတီသို့ ရည်မျှော် ပူဇော်ကြသည်။ တန်ဆောင်ဆီမီးများဖြင့်
ဝန်းကျင်တစ်ခုလုံး ချယ်မှုန်းသကဲ့သို့ဖြစ်နေ၍ ''တန်ဆောင်မှုန်း''တွင်သည်ဆို၏။
.
''တန်ဆောင်တိုင်''တွင်ပုံမှာ
ဗိန္ဒိသာရမင်းကြီးသားတော်အဇာတသတ်မင်းနှင့် ဆိုင်ပြန်သည်။ အဇာတသတ်မင်းသည် ဆရာပေါင်းမှား၍
(ဒေဝဒတ်ကို ဆရာတင်မိ၍)ဖခင်ကို သတ်သော ''ပိတုဃာတကကံ=အဖကိုသတ်သောအပြစ်''ကြောင့် တန်ဆောင်မုန်းလပြည့်ညတွင်
ရင်တွင်းပူလောင်ကာ အိပ်မရလောက်အောင်အတွင်းမီးပူလောင်မြိုက်မှုဒဏ်ခံနေရသည်။
.
ထို့ ကြောင့်
ဆေးဆရာကြီး ဇီဝကကို တိုင်ပင်ကြည့်ရာ သရက်တောကျောင်းတွင် သီတင်းသုံးနေသော ဂေါတမမြတ်စွာဘုရား၏
တရားရေအေးမှသာ ကုသရနိုင်ကြောင်း လျှောက်ထား၏။ ထို့ကြောင့် ရင်တွင်းပူလောင်မှုဒဏ်မခံစားနိုင်သော
အဇာတသတ်မင်းကြီးသည် ညတွင်းချင်းပင် မှူးကြီးမတ်ရာများကိုခေါ်လျက် မီးရှူးတန်ဆောင်ထွန်းညှိထားသောတိုင်များဖြင့်
သွားခဲ့ရာ သရက်တောကျောင်းရောက်လျှင် မဟာကရုဏာရှင် ဂေါတမမြတ်စွာဘုရား က ''သာမညဖလသုတ်တော်''ဟောကြားတော်မူခါမှပင်
အပူမီးငြိမ်းတော့သည်။ တန်ဆောင်မီးထွန်းသော တိုင်များဖြင့် သွားပြီး ရင်တွင်းအပူပြေလျော့ရသည်ကို
အကြောင်းပြု၍ ''တန်ဆောင်တိုင်''ဟုခေါ်ကြောင်း ဆိုကြသည်။
.
မသိုးသင်္ကန်း၊ပံ့သကူသင်္ကန်း
.
ဤသင်္ကန်းတို့
လှူဒါန်းမှုသည် ဘုရားရှင်လက်ထက်တော်အခါက မပေါ်ပေါက်ခဲ့ပါ။ ရှင်အနုဂုဒ္ဓါမထေရ်သည် သင်္ကန်းဆွေးမြေ့ညစ်ပတ်နေသဖြင့်
ပံ့သကူအဖြစ် အဝတ်အစုတ်များ ကောက်ယူနေသည်ကို ဇနီးဟောင်းဖြစ်ခဲ့ဖူးသော နတ်သမီးမှ နတ်ပုဆိုးသုံးထည်ကို
စွန့်ပစ်လှူဒါန်းခြင်းမှ အစပြု၍ ပေါ်ပေါက်လာသည် ဆိုကြသည်။
.
ကျီးမနိုးပွဲနှင့်
မယ်ဇလီဖူး
.
ကျီးမနိုးပွဲဆိုသည်မှာ
မသိုးသင်္ကန်းနှင့် ဆက်နွယ်ပါလိမ့်မည်။ ကျီးကန်တို့သဘာဝသည်မနက် အာရုဏ်တက်လျှင်နိုး၍ အာတတ်ကြသည်။
ထို့ကြောင့် ကျီးကန်းတို့ မနိုးမီ အာရုဏ်မတက်မီလှူသော သင်္ကန်း(ရက်လုပ်ပြီးမှ လှူသော
သင်္ကန်း)ကို မသိုးသင်္ကန်း၊ အချင်းချင်း စကြနောက်ကြ ဟိုပစ္စည်း၊ ဒီပစ္စည်းရွှေ့ ပြောင်းခြင်းကို
ကျီးမနိုးပွဲဟု ခေါ်ဝေါ်ကြသည်။
.
ထို့အတူ မယ်ဇလီပင်စောင့်နတ်သည်
မိမိထံ၌ တန်ဆောင်မုန်းလပြည့်ည လာရောက်ခံစားသော နတ်အပေါင်းအား ရောဂါ ၉၆ ပါးကင်းစေနိုင်သော
မယ်ဇလီဖူးသုတ်ကျွေးရာမှ အစွဲပြုကာ တန်ဆောင်မုန်းညတွင် စားသော မယ်ဇလီဖူးသုတ်သည် ဆေးဖက်ဝင်သည်ဟု
ဆိုကြသည်။
.
မီးပုံးပျံလွှတ်ကြခြင်း
.
ရှေ့ပိုင်းတွင်
ဖော်ပြသကဲ့သို့ ''တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီ''တိုင်အောင် ဆီမီးပူဇော်၍ မရောက်နိုင်။
ထို့ကြောင့် နတ်ပြည်သို့တိုင်အောင် အနီးစပ်ဆုံးရောက်နိုင်သည်အထိ မီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့်
မီးပုံးပျံများ လွှတ်တင်ပူဇော်သည့် ဓလေ့ရှိခဲ့ကြသည်။ ခေတ်တွေ မည်မျှ ပြောင်းပြောင်း
ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာဓလေ့များ မပြောင်းနိုင်ကြသည်မှာ ချစ်စရာကောင်းလှသည်။ ယဉ်ကျေးမှု
အမွေအနှစ်များကို ထိန်းသိမ်းနိုင်ကြသည်မှာ လေးစားဖွယ်ကောင်းပါ၏။ အမျိုးသားရေး တာဝန်ဖြစ်သော
ရိုးရာဓလေ့များကို ထိန်းသိမ်းရင်း ကုသိုလ်ကောင်းမှုများ ဝေဆာနေသော တန်ဆောင်တိုင်ပွဲတော်နှင့်
ကထိန်ပွဲတော်များနှစ်စဉ်အမြဲ ကျင်းပနိုင်ကြပါစေကြောင်း ဆုတောင်းနေရပါသည်ခင်ဗျား။ ။
.
.
.
#KBZTai
#Shan