ကိုယ်တွေရဲ့ ချယ်ရီမြေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, December 30, 2018

ကိုယ်တွေရဲ့ ချယ်ရီမြေ



ဒေါက်တာ အောင်ကျော် (သွား/ဆရာဝန်)
.
.
ဟိုတုန်းက
.
ဟိုတုန်းက ဆိုသည့်စကားလေးသုံးခွန်း သည် အတိတ်ကာလတစ်ချိန်တုန်းကဟူ၍ အနက်ဆောင်ပါသည်။ ယင်းအတိတ်ဆိုသည့် ကုန်လွန်ခဲ့ပြီးဖြစ်သော တစ်ခေတ်သည် မှေးမှိန်ကျန်ရစ်ခဲ့ပြီးပြီ။ မည်မျှကြာညောင်းခဲ့ပြီ နည်း။ အတော်များများကို အရေအတွက်ရှိ ကြောင်း ရေးပြချင်ပါ၏။ ဆယ်စုနှစ်ဘယ် လောက်များပါလိမ့်ဟု စာဖတ်သူတို့ မေးချင်ပါ လိမ့်မည်။ နှစ်ငါးဆယ်ရှိလျှင် သမိုင်းရဟတ်တစ် ပတ်လည်တတ်ကြောင်း မှတ်သားဖူးပါ၏။ ရွှေ ရတုနှစ်ချိန်ခါဆိုသော ယင်းနှစ်ငါးဆယ်မျိုး နှစ် ကျော့မက ကြာရှည်ခဲ့ပြီးသောအချိန်ကာလကို ကျွန်တော်ရည်ညွှန်းလိုပါသည်။ ''ဘယ်လိုပါ လိမ့်၊ နှစ်ပေါင်းရာကျော်ဆိုတော့ကာ ဘာအ ကြောင်းအရာကိုများ သည်စာရေးသူ ဖော်ပြချင် နေပါလိမ့်''ဟုလည်း စာရေးသူ၏ အမာခံစာ ဖတ်ပရိသတ်များတွေးတောကာ ပဟေဠိအဖြေ ကြိုညှိနေကြမည်လား မပြောတတ်ပါ။ သိပ်ကြီး လည်းအတွေးခေါင် ဦးနှောက်စားမနေကြပါနှင့်။ ရှမ်းပြည်၏ မြို့တော်တောင်ကြီးမြို့တည်ဦးစ ချိန်ခါကို မှန်းမျှော်ကြည့်ပြီး အတွေးတွေကို စာပန်းချီ ရေးခြယ်လိုခြင်းဖြစ်ပါသည်။
.
တောင်ကြီးမြို့ကို အထက်မြန်မာနိုင်ငံ ပြန်တမ်းဝင်မှတ်တမ်းစာအုပ်ကြီး၌ ၁၈၉၄ ခု နှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ စနေနေ့၌ စတင်ရုံးစိုက်ခဲ့ကြောင်း ဖတ်မှတ်ရဖူးပါ၏။ ယခု ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းဖြစ်နေပြီမို့ တရားဝင်မြို့သက်မှာ နှစ်ပေါင်း ၁၂၄ နှစ်တင်း တင်းပြည့်မြောက်၊ နှစ်တစ်ရာ့အစိတ်တွင်းသို့ ဝင်ရောက်လာခဲ့ပါပြီ။ မြို့မတည်မီ ဝန်းကျင် တစ်ခို၌ ရွာငယ်လေးတွေရှိနှင့်ပြီးဖြစ်ပါသတဲ့။ ဦးစီးခမ်းရွာတို့ ပင်လုံရွာတို့ တောင်တီးရွာတို့၊ မွန်ချယ်ရွာတို့ စသည်ဖြင့် ငါးရွာတို့ကို စုစည်း ၍ အင်္ဂလိပ်မင်းတို့က ဗဟိုအုပ်ချုပ်ရေးရုံးစိုက် မြို့အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်တဲ့။ အတော်အတန် ကျယ်ဝန်းသော မြေပြန့်လွင်ပြင် မြောင်လေးရှိခြင်း၊ တောတောင်စိမ်းလန်းစို ပြည်ခြင်း၊ ရေထွက်စိမ့်စမ်းရေကန်ပေါများခြင်း၊ ရာသီဥတုအေးမြခြင်း၊ စိုက်ပျိုးရေးဖြစ်ထွန်းဖို့ မိုးကောင်းခြင်း၊ လေကောင်းလေသန့် လတ် ဆတ်ခြင်း စသော အချက်အလက်များက တောင်စခန်းမြို့တည်ရန် အားပေးနှစ်သက်စေ ခဲ့၏။ ရှမ်းအရှေ့ပိုင်း၊ ရှမ်းမြောက်ပိုင်းသို့လည်း သွားလာကူးလူးဖို့ အဆင်ပြေသည်လည်းပါဝင် ၏။ ညောင်ရွှေအရှေ့တောင် ယွန်းယွန်း၊ ၇ မိုင် ခန့်၌ရှိသော မိုင်းသောက်အခြေစိုက်ခံတပ်ကို လည်း ရွှေ့ပြောင်းလို၍ နေရာရှာဖွေနေစဉ်၊ မမျှော်လင့်ဘဲ အကွက်အကွင်းကောင်းကိုတွေ့ ရှိလိုက်ခြင်းဖြစ်၏။ သို့နှင့် ယနေ့ချိန်ခါ၌ အလွန် ဖွံ့ဖြိုးစည်ပင်လာသော ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့ကို စတင်မွေးဖွားလိုက်ခြင်းမည် ပါပေသည်။
.        
ချယ်ရီ
.
ရှမ်းပြည်နယ်၏ ကိုယ်စားပြု ဒေသပန်းမှာ ချယ်ရီဖြစ်၏။ အင်္ဂလိပ်နာမည်ဖြစ်ကာ Cherry Blossom ချယ်ရီပန်းဟု ခွဲခြားခေါ်သည်။ ချယ်ရီသီး Cherry Fruit ဆိုသော အညို ရင့်ရောင်(သပြေသီး မှည့်နှင့်ဆင်ဆင်တူသော) စားဖွယ် နာမည်ကြီးသစ်သီးငယ် တစ်မျိုးက လည်း နိုင်ငံခြားတွေမှာ အမြတ်တနိုး တန်ဖိုးထား စားကြပါသတဲ့။ တန်ကြေးလည်းကြီးကြောင်း သိရပါ၏။ ထားပါတော့။ ကျွန်တော်တို့ဆီမှာ ချယ်ရီသီးပင်မရှိ၍ သာမန်သူတို့က သိ လည်းမသိ၊ ကြားလည်း မကြားဖူးကြပါ။ ချယ်ရီသီးဟုပြောလိုက်လျှင် ချယ်ရီပန်းမှ သီးသော အညိုရင့်အလုံးသေးသေးလေး တွေက စားလို့မှ မရတာဟု ပြောတတ်ကြ ပါ၏။ ကျေးငှက်တွေကတော့ စားပါသည်။ ရင့် မှည့်လျှင် သူ့အလိုလို ကြွေကျကြသည်မှာ ချယ်ရီပင်အောက်၌ ပြန့်ကျဲနေတတ်၏။ တရော်သီးလို တကယ့်သေးသေးလေးတွေပါ။ လေ တိုက်လျှင် လေနှင့်အတူ လေဟုန်စီး၍ တော် တော်ဝေးဝေးသို့ နယ်ချဲ့တတ်ကြ၏။ ထို့ ကြောင့်လည်း တောတောင်တွင်း၌ အလေ့ကျ ပေါက်ချယ်ရီအရိုင်းပင်များ မျိုးဆက်မပြတ်ဘဲ ရှင်သန်ပွားများကြခြင်းဖြစ်၏။
.
တောင်ကြီးမြို့မတည်မီ၊ ရှေးရှေးတုန်းက ဒေသခံများ မည်သို့သော အမည်ကိုပေး၍ မည် သို့ခေါ်ခဲ့ကြသည်ကိုတော့ မသိရှိခဲ့ရရိုးအမှန်ပါ။ အင်္ဂလိပ်နာမည်နှင့် တွင်ကျယ်နေသဖြင့် အင်္ဂလိပ်တွေတိုင်း တစ်ပါးက သယ်ဆောင်ပြီးစိုက် ခဲ့ကြသည်တော့ မဟုတ်။ ဒေသရင်းအပင်သာ လျှင် ဖြစ်ပါသည်။ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၃၅ဝဝ ကျော်လျှင် စတင် တွေ့ရှိနိုင်ပေပြီ။ တောင်ကြီးမြို့၏ တည်နေ ရာမှာ ၄၇၁၂ ပေအမြင့်မှာရှိ၏။ တောင်ကြီးဝန်း ကျင်၌သာ ချယ်ရီပန်းပင်ရှိသည်ဟု ကျွန်တော်  ၁ဝ တန်း မအောင်ခင်က ထင်မှတ်မှားခဲ့ဖူး၏။ ခရီးအနှံ့ထွက်လေ့မရှိခဲ့၍ ဒေသန္တရဗဟုသုတ နည်းပါးခဲ့ခြင်းမို့ပါ။ ရန်ကုန်တက္ကသိုလ်သို့ရောက် ရှိကာ ချင်းပြည်နယ်မှ ကချင်ပြည်နယ်မှအတန်း ဖော်သူငယ်ချင်းများနှင့် စကားစပ်မိသောအခါ ကျမှ သူတို့ရပ်ရွာတွေမှာလည်း ချယ်ရီပန်းပင် ရှိကြောင်း သိရှိရ အံ့သြမိရပါ၏။ ရှမ်းတောင်ပိုင်း နှင့်တစ်စပ်တည်းရှိ ကယားပြည်နယ်အစွန်အ ဖျားတို့၌လည်း ပေါက်ရောက်ပွင့်ဖူးပါသတဲ့။
.
တော်ဝင်ပန်းဖြစ်ဖို့ အကြောင်းသုံးချက်နှင့် ညီညွတ်ရမည်ဟု တောင်တန်းနယ်ခြား သာ သနာပြုဆရာတော်ကြီး အရှင်ဦးဥတ္တမသာရ မိန့်၏။ တောတောင်တစ်ခိုမှာ နှစ်ပေါင်းငါး ဆယ်ကျော်မက တစ်တောင်ဆင်း တစ်တောင် တက်၊ အဖော်မမှီး တစ်ကိုယ်တော် ထီးတည်း၊ ခြေသလုံးမြင်းခေါင်းနှင့် တောင်ဝှေးတစ် ချောင်းတို့ကိုသာ အားပြုလျက် ခြေလျင်ခရီး နှင်ကာ ဗုဒ္ဓသာသနာပြုခဲ့၍ အတွေ့အကြုံများ လှသည့် အာဇာနည်ဆရာတော်တစ်ပါးဖြစ် ပါ၏။ တော်ဝင်ပန်းဂုဏ်တင့်ရန်(၁)ရင်းဖျားမ လွတ်ပင်လုံးကျွတ် ဖူးပွင့်လှပရမည်။ (၂)ရနံ့ သင်းပျံ့မွှေးကြိုင်ရမည်။ (၃)ပင်ထက်၌ တစ်လ ကျော်ကြာရှည်ခံနိုင်ရမည်ဟူ၍ အင်္ဂါသုံးချက် ပြည့်စုံရမည်တဲ့။
.        
ပန်းမခူးရ
.
''ချယ်ရီ နာမည်လေးမွှေးလိုသင်းကြည် သည်''ဤစာသားဖြင့် စတင်သော သီချင်း တစ်ပုဒ်သည် ကျွန်တော်တို့ ငယ်စဉ်အထက် တန်း ကျောင်းသားဘဝမှာ အလွန်ခေတ်စား သည့် ရေဒီယိုလွှင့်ဓာတ်ပြားရဖြစ်၏။ နိုဝင် ဘာလကုန်တော့ မည့်နောက်ဆုံးပတ်မှ သည် ဖေဖော်ဝါရီလကုန်ခါနီးအထိ နေ့ ခြားလိုလို ရေဒီယိုအစီအစဉ်တစ်ခုခုမှ ပြန့် လွင့်လာတတ်စမြဲပါ။ သီချင်းလက်ဆောင် ပါးခြင်း၊ မွေးနေ့သီချင်းလက်ဆောင် တောင်း ခြင်း၊ သောတရှင်တို့ လိုရာဆန္ဒအ လျောက် လွှင့်ပေးပါရန် တောင်းခံခြင်း စသော ရေဒီယို ကဏ္ဍတစ်ခုခု၌ အမြဲဆန္ဒပြု အတောင်းခံလက် ဆောင်ပေးကြသည့် သီချင်းဖြစ်နေရာ ချယ် ရီတွေ မြိုင်မြိုင်ပွင့်သော ရာသီအတွင်း အလွန် မတန် တာစားခဲ့ဖူးပါသည်။ ယင်းသီချင်း၏ အဆုံးသတ်မှာ ''ချယ်ရီပန်းမခူးရ ကမ္ပည်း စာစီ''တဲ့လေ။ ဟုတ်ပါ၏။ ချယ်ရီပန်းတွေက ပင်လုံးကျွတ်လှိုင်နေအောင် ပွင့်လျှင် အလွန် မြိုင်ဆိုင်လှပလွန်းလှသည်။ သူ၏ ရနံ့မှာ လည်းမရိုင်းဘဲ သင်းသင်းလေးသာရှိသော ထူး ခြားသည့် ပန်းနံ့ဖြစ်ပြီး လေယူရာသို့ ပျံ့လွင့် လာက အလွန်နှစ်သက်ရွှင်မြူးရင်ကြည်နူးစရာ မဟုတ်လား။ အဆင်းကလည်းရှိ၊ ရနံ့ကလည်း သင်းလှဘိဆိုတော့ လူတို့သဘာဝခူးဆွတ်ပန် ဆင်လို၊ ဘုရားတင်လို၊ ဧည့်ဆောင်ခန်းမှာ ပန်းအလှအိုးထိုးလိုကြ၏။ မိန်းကလေးတွေက အကဲဆုံးလေ။ လုံမေပျိုတွေ သဲသဲလှုပ်ကြမှ တော့ လုလင်ပျိုတွေကလည်း မျက်နှာလိုမျက် နှာရ၊ အလှဆုံးအကိုင်းအခက်တွေ ဆွတ်ခူးကာ ပိုးကြေးပန်းကြေးမျက်နှာလုပ်ကြတော့သည် ကိုး။ သစ်ပင်မတက်တတ်သူ ကိုလူချောတို့များ ကိုင်းဖျားကိုင်းနား မချိုးနိုင်ကြ၍ ကိုင်းကြီးတွေ ချိုင်ယူထမ်းပို့ကြသည်ပေါ့။
.
သစ်ပင်ဟူက ကြီးထွားလာကြစမြဲဆိုသော် လည်းပဲ လူနိုင်လက်နိုင် နှစ်စဉ်အပြိုင်ဆိုသော အခါဝယ် သူ့ခမျာ နဂိုကမှ အပင်တက်ခဲသည့် အမျိုးဆိုတော့ တဖြည်းဖြည်းပြုတ်ပြုတ်ပြုန်းဖို့ သာရှိတော့၏။ ပိုးကျ၍ ခုတ်လှဲ၊ တောမီးလောင် မြိုက်၍ ငုတ်တိုဖြစ်နှင့် နှစ်ကြာလာတော့ ချယ် ရီပင်တွေကျဲပါးပျောက်ကွယ်လုနီးဖြစ်လာကြပြီ။ သစ်တောဌာနနှင့် ချယ်ရီချစ်သူတို့က မခုတ် ရန်၊ မခူးရန်၊ ဈေး၌မရောင်းရန် လှုံ့ဆော်ရပြီ။ ချယ်ရီပင်တွေမှာ ''ပန်းမခူးရ'' ကမ္ပည်းစာတန်း များချိတ်ဆွဲကြရပြီ။ ''သဘာဝအလှပျက်စီးကုန် မှဖြင့်''ဟု တွေးသူက လက်တစ်ဆုပ်ခန့်၊ လို ဘအတိုင်း ခူးကြချိုးကြ၊ ခုတ်ကြသူတွေက အ များလေ။ လောကကြီးထဲ၌ တရားတာ၊ မတ ရားတာ အသာထား၊ လုပ်သင့် မလုပ်သင့် ဆောင်သင့် ရှောင်သင့်တာတို့ကို ဂရုမစိုက်ဘဲ စိတ်အလိုလောဘနောက်သို့ လိုက်ကြတတ် တာကလည်း သဘာဝ။ တောတောင်အနှံအ လေ့ကျပေါက်ပင်ဆိုတော့လည်း သစ်တောကြိုး ဝိုင်းဟုတ်ခြင်း မဟုတ်ခြင်းထက်၊ မဖမ်းဆီး၊ မတားမြစ်နိုင်ကြပါ။ အသိစိတ်ဓာတ်၊ လူ့ကျင့် ဝတ်၊ ရှက်ကြောက်တတ်မှု မရှိပါလျှင် မျက်နှာ ပြောင်တိုက်ပြီး ရဲရဲသာချိုင်ကြ၊ ဈေးမှာရောင်း ကြ၏။ မကုန်တော့ ပုံကျန်ညှိုး၊ နှမြောစရာ။
.
ပြန်ပြုစုရေး
.
ကျွန်တော်လူမှန်းသိစအရွယ်၊ တောင်ကြီး မြို့၏အလယ် ဗဟိုကို ဖြတ်သန်းသွားသော သာစည်-ကျိုင်းတုံကားလမ်းမကြီး ဖြူးသ လောက်တော့ ရှိနေပါပြီ။ မြောက်ဘက်မြို့အဝင်   ကရင်မရေထွက်မှသည် မြို့တောင်ဘက်မြို့ စောင့်ပွိုင့်ဘန်ကာရှိသည့် တောင်ကုန်း(၂၁၂-ဆက်သွယ်ရေးတပ်အနီးမှာရှိ၏။ ယခုတော့ စူ ဠာမုနိစေတီတော်ကြီးကုန်း)အထိ မင်းလမ်းမ ကြီး(Main Road)ဟုတွင်၏။ လမ်းဝဲယာတစ် ဖက်တစ်ချက် ချယ်ရီပင်တန်းတွေ တမင်စိုက် ပျိုးထား၏။ မြို့တည်စကပင် မြို့လှပရေးအ တွက် တောတွင်းရှိ ပင်ပေါက်များကို ရွှေ့ပြောင်း စိုက်ထားခြင်းပါ။ ရှင်သန်အောင်လည်း ဂရုတစိုက် အထူးပြုစုပျိုးထောင်ထား၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစမို့ မြို့သက် ၅ဝ ခန့်ရှိ ပြီမို့ ယင်းချယ်ရီပင်တန်းတို့လည်း ကြီးရင့်ကြပြီ။ ဆောင်းကာလ ချယ်ရီပွင့်ချိန်ဆိုလျှင် အလွန်လှ ပ၏။ အရှေ့တောင်တန်းကြီးမှာလည်း မိတ်ကပ် ပန်းသွေးရောင်ခြယ်သထားသလိုကို ပန်းရဲနီကြ ပြီ။ မြို့တစ်ခိုမှာလည်း သဘာဝအလေ့ကျ ပေါက်ရော၊ ခြံဝင်းထဲ၌ တကူးတကန့် စိုက်ကြ တာရော အပြိုင်ဖူးပွင့်ကြ လှပသင်းပျံ့နေပြီ။ နံ နက်စောစော လေပြည်လေညှင်းတိုက်ခတ်လာ လျှင် ထင်းရှူးနံ့နှင့်ရောလျက် ပါလာစမြဲပါ။ ယခုများမှာတော့ အနံ့ဝေးလို့ နောက်ခံထားဓာတ် ပုံလှလှရိုက်လိုလျှင်တောင် အပွင့်မြိုင်သော အ ပင်တွေရှားပါးကုန်ပြီ။ ဂျပန်မှာတော့ ချယ်ရီပန်း ကြည့် ပွဲတော်အတွက် ရုံးပိတ်ရက်သီးသန့် ထုတ်ပြန်ပေးပါသတဲ့။ အမေရိကန်မှာလည်း ချယ်ရီပန်းပင်များကို ပိုးမွေးသလိုကြောင့်ကြ စိုက်ပြီး ကာကွယ်စောင့်ရှောက်ထားကြသည်တဲ့။
.
ဂျပန်ချယ်ရီက အပွင့်ကြီးအရောင်ဖျော့ အ ဆုပ်ခဲပါသတဲ့။ အမေရိကန်ချယ်ရီလည်း ဂျပန် ချယ်ရီနှင့်မကွာလှပါ။ ကျွန်တော်တို့ တိုင်းရင်း မျိုးပန်းချယ်ရီကတော့ အပွင့်သေးအဆုပ် သိပ်မခဲသော်လည်း နီရဲသည့်အသွေးမို့ ပို လှပပါသတဲ့။ ချယ်ရီပန်းမြိုင်မြိုင်ကြီး ပွင့်ချိန် မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂျပန် အစိုးရကဖိတ်သဖြင့် ရောက်အောင်သွား ရောက်ခဲ့ပါသည်။ တစ်ချိန်တုန်းက ကျွန်တော် တို့ မြန်မာနိုင်ငံကလည်း တောင်ကြီးမြို့ ချယ်ရီမြိုင်ရာသီမှာပင် ကမ္ဘာအတိုင်းတိုင်း အပြည် ပြည်က ထင်ရှားကျော် ကြားတိုင်း ပြည် ခေါင်းဆောင်ကြီးများကို ဖိတ်ကြားခဲ့ ကြရဖူး၏။ ကျွန်တော်တို့က မူလတန်းကျောင်း သားအရွယ်မို့ အမြဲပင် မင်းလမ်းတစ်လျှောက် မှာ ကြိုဆိုခဲ့ကြရသည်။ ဂုဏ်ယူဝင့်ကြွားခဲ့ကြ ရသည်။ ယနေ့ ယခုမှာတော့။
.
ကဲ ချယ်ရီချစ်သူတို့ မောင်မယ် လူမှုအဖွဲ့ တွေက သစ်ပင်စိုက်လ ဇူလိုင်ရောက်က နှစ် စဉ်ချယ်ရီပင် ထောင်ချီစိုက်ပျိုးပြုစုနေပါပြီ။ ၁ဝ နှစ်မက စောင့်ရပေဦးမည်။ စိုက်သမျှ ရှင်သန် ကြီးထွားရေး၊ တောမီးမလောင်ရေး၊ မခုတ်မ ချိုင်မခူးရေး စောင့်ထိန်းကြ ကာကွယ်ပေးကြ ရန် လိုသလို တစ်နိုင် အိမ်ခြံဝင်းမှာကြောင့်ကြ စိုက်ပြုစုဖို့လည်း။   
.

Recent Tube