ကျိုင်းတုံတွင် ဝှီးချဲစီး ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ဝှီးချဲစီး ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့ရှိ နိုင်ငံတကာကြက်ခြေနီကော်မတီရုံး (ICRC) နှင့် ကျိုင်းတုံကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက် သော အပြည်ပြည်ဆိုင်ရာ မသမန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဝှီးချဲစီးသူများ ဘတ်စကတ်ဘော ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ကိုယ်ကာယ မသန်စွမ်းသူတွေကို လူ့အသိုင်းအဝိုင်းကြားမှာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာသန်စွမ်းပြီး လူဝင်ဆန့် စေဖို့နဲ့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုကို ဖော်ပြလိုတဲ့အတွက် အခုလို ပြိုင်ပွဲကကျင်းပပေးတာဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့၊ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဌာနမှ တာဝန်ခံမန်နေဂျာ ဒေါ်ဝင်းဌေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးစင်တာကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) မှ ၂၀၁၆ ခုနှစ်တွင် ကျိုင်းတုံဆေးရုံ၌ လှူဒါန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးအတွက် လိုအပ် နေသူများအား ခြေတု၊ လက်တုများ တပ်ဆင်ပေးခြင်း၊ ဝှီးချဲပံ့ပိုးပေးခြင်းများနှင့် လက်ထောက်ပစ္စည်းများ တပ်ဆင် ပေးခြင်း၊ လေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဝှီးချဲဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပပေးမှုနှင့် ပတ်သက်၍ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သည့် အားကစားသမားတစ်ဦးက “သာမန်လူတွေနည်းတူ မသန်စွမ်းသူတွေအတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ရေး အတွက် ထောက်ပံ့ကူညီ ပေးသူတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အားကစားစိတ်ဓါတ် အပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတ်”ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့၊ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ပြည့်သူ့ဆေးရုံကြီးရှိ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနအား ၂၀၁၇ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းဌာနတွင် ကိုယ်စိတ်စွမ်းရည် မြှင့်တင်ရေး လေ့ကျ့င့်နေသူ ၁၃ ဦး ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats