ကလောမြို့ရှိ ဘော်ဒါဆောင်ပိုင်ရှင်အား သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောမြို့ရှိ ဘော်ဒါဆောင်ပိုင်ရှင်အား သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်

မင်းဇော်မင်း


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ဘော်ဒါဆောင်ပိုင်ရှင်မှ အဆောင်နေ ကျောင်းသူအား သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းနှင့် ပတ်သက်၍ အဆောင်ပိုင်ရှင် တရားခံအား နိုဝင်ဘာလ ၂၈ ရက်တွင် တောင်ကြီးခရိုင်တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရသည်။

ကလောမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘူတာလမ်းရှိ ကျေးလက်ပရဟိတပညာရိပ်သာဘော်ဒါဆောင်တွင် တျောင်းတက်နေသည့် နဝမတန်းကျောင်းသူ တစ်ဦးအား ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက် ညပိုင်းက အဆောင်ပိုင်ရှင်ဖြစ်သူ တရားခံ တော်မီအောင် (ခ) တော်မီအောင်မြင့်၊ အသက် (၇၁)နှစ်မှ ရပ်ကွက်(၃)ရှိ ၎င်း၏ နေအိမ်တွင် သားမယားအဖြစ် ပြုကျင့်ခဲ့သဖြင့် ပြုကျင့်ခံရသူမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၂၃ ရက်၊ ညနေပိုင်းတွင် မိဘများထံ ငိုယိုပြီးပြောပြခဲ့ရာ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ခဲ့သူ တရားခံအား ဥပဒေအရ အရေးယူပေးရန် ဖခင်ဖြစ်သူမှ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်တွင် ကလောမြို့မရဲစခန်း၌ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံအား ကလောမြို့မရဲစခန်းမှ (ပ)၁၄/၂၀၁၇။ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၁၀၉/ကျင့်၅၁၂ တို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး တောင်ကြီးခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် တရားခံ တော်မီအောင်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တို့ကို တစ်ပေါင်းတည်း ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Journal Download

Photo of three cats