“ဝ”တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသည့် လားဟူကျမ်းစာသင်ကျောင်းသား ၂၁ ဦးထွက်ပြေးလွတ်မြောက်လာ ၂၀ ဦး ကျန်ရှိနေဆဲဖြစ်ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ”တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ထားသည့် လားဟူကျမ်းစာသင်ကျောင်းသား ၂၁ ဦးထွက်ပြေးလွတ်မြောက်လာ ၂၀ ဦး ကျန်ရှိနေဆဲဖြစ်ဟုဆို


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပေါက်ဒေသ၊ ဟိုတောင်းကျမ်းစာသင်ကျောင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ကျမ်းစာသင် သင်တန်းသား/ သင်တန်းသူ ၄၁ ဦး အနက် အမျိုးသား ၂၁ ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျိုင်းတုံမြို့အခြေစိုက်၊ လားဟူခရစ်ယန် အသင်းတော်တွင် ရောက်ရှိခိုလှုံလျက်ရှိကြောင်းနှင့် သင်တန်းသူ အမျိုးသမီး ၂၀ ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခံထားရဆဲဖြစ်ကြောင်း အသင်းတော်၏ အတွင်းရေးမှူး ဖြစ်သူ ဒေါက်တာ လာဇရုက ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
“သူတို့ စစ်သင်တန်းတက်ရတယ်။ တစ်ပတ်တစ်ကြိမ် ရေချိုးခွင့်ရတဲ့အချိန် ချောင်းမှာရေချိုးရင်း စစ်ဝတ်စုံတွေကို ချောင်းဘေးမှာ ချွတ်ထားခဲ့ပြီး ဘောင်းဘီတို၊ အောက်ခံစွပ်ကျယ်နဲ့ တောထဲကို ထွက်ပြေးရင်း ကျိုင်းတုံဘက်ကို  ရောက်ရှိလာတာဖြစ်တယ်။ ထွက်ပြေးလာတော့ အစားမစားရတဲ့အတွက် ၂ ယောက်က အဆုတ်အအေးမိ တာနဲ့ ချောင်းဆိုး၊ တုတ်ကွေးမိလို့ ကျိုင်းတုံဆေးရုံကြီးမှာ ကုသနေရပါတယ်။ ကျန်သူတွေလဲ အစာအဟာရငတ်ပြတ်လာကြ လို့ ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ သူတို့ထွက်ပြေးလာကြတာ အုပ်စုကွဲပြီးတောထဲမှာ အသုတ် လိုက်ရောက်လာကြပါ”ဟု ဒေါက်တာလာဇရုက ပြောသည်။
.
လွတ်မြောက်လာသူများမှာ အမျိုးသားများဖြစ်ပြီး ဖမ်းဆီးခံရသည့် ကျမ်းစာသင်တန်းသူ အမျိုးသမီး ၂၀ ဦးကို ဌာနချုပ်သို့ ခေါ်ဆောင်သွားသည်ဟုသာ သိရကာ မည်သည့်သတင်းမျှ မရရှိကြောင်း၊ ၎င်းတို့အား အမြန်ဆုံးလွှတ်ပေးရန် “ဝ”ခေါင်းဆောင်များထံသို့ မေတ္တရပ်ခံစာ ၂ ကြိမ်တိုင်တိုင် ပေးပို့ခဲ့သော်လည်း မည်သည့် အကြောင်းပြန်ကြားမှုမျှ ယခုချိန်ထိ မရရှိသေးကြောင်း၊ လွတ်မြောက်လာသူများမှာ နေရပ်ပြန်သွားရန်မဖြစ်နိုင်ဘဲ ယခုအခါ အသင်းတော်မှ ကျွေးမွေး စောင့်ရှောက်ထားပြီး ထပ်မံဖွင့်လှစ်မည့် ကျမ်းစာသင်တန်းတွင် တက်ရောက်နိုင်ရေး လုပ်ဆောင်ပေးရန်ရှိကြောင်း ၎င်းက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီမှ ၎င်းတို့အထူးဒေသနယ်မြေအတွင်း  “ဝ” ပြည်ပြဋ္ဌာန်းဥပဒေကျော်လွန်ပြီး အစွန်းရောက်မည်ဘာသာကိုမျှခွင့်မပြုကြောင်း စက်တင်ဘာလ ၆ ရက်တွင် ဖြေရှင်းချက် သတိပေးစာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ အပိုဒ်(၆)(စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့်ပန်ဆန်း(ပန်းခမ်း)မြို့နယ် တို့ကို ခရိုင် ၂ ခု ပိုင်းခြားပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ဖော်ပြထားသည်။
.
ယခု လားဟူနှစ်ခြင်းခရစ်ယန်ဘုရားကျောင်းများ ဖြိုချက် အဖမ်းခံရသည့် မိုင်းပေါက်နင့် ဟိုတောင်းဒေသများမှာ မိုင်းလားမှ “ဝ” အထူးသေ သို့ သွားရာလမ်းပေါ်တွင်တည်ရှိသည်။
.
လူ့အခွင့်အရေးကြေညာစာတမ်းတွင် Artical 18 အရ လူတိုင်း ယုံကြည်ရာကို ကိုးကွယ်ခွင့်၊ ဟောပြောခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဝေဖန်ပိုင်းခြားနိုင်ခွင့် များသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ရပိုင်ခွင့်များဖြစ်ကြောင်း ဖော်ပြထား သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats