မူဆယ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ ဂိတ်ပေါက် ပိတ်ထား၍ တင်ပို့ခွင့် မရသဖြင့် အခက်ကြုံနေရဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, December 27, 2018

မူဆယ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်စည်များ ဂိတ်ပေါက် ပိတ်ထား၍ တင်ပို့ခွင့် မရသဖြင့် အခက်ကြုံနေရဟု ဆို


မင်းဇော်မင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ၁၀၅ မိုင်ကုန်စည်ဒိုင်များမှတဆင့် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုအရ တင်ပို့နေရသည့် သစ်သီးဝလံများနှင့် ရေထွက်ကုန်စည်များမှာ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို မြန်မာဘက်၌ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းက စတင်ကာ ပိတ်လိုက်သဖြင့် အခက်အခဲများ ကြုံတွေ့နေကာ ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော်မျှ နစ်နာဆုံးရှုံးနိုင်ကြောင်း မူဆယ်မြို့အခြေစိုက်၊ သစ်သီးဝလံကုန်စည်ဒိုင်မှ ဦးစိုင်းမြင့်ဗိုလ်ထံက သိရသည်။
.

(ဓါတ်ပုံ - ကိုမြင့်နောင်)
 
“ တရုတ်ဘက်က စစ်ဆေးတာ ကြန့်ကြာလို့ တစ်ရက်ကို စီးရေ ၁၀၀ လောက် ရှိနေတာ ၃ ရက်လောက် ရှိပြီဆိုတော့ စီးရေ ၅၀၀ လောက် မူဆယ်နဲ့ကျင်စန်းကျော့ကြားမှာ ရပ်ထားရာကနေ မနေ့ညနေက စပြီး မြန်မာဘက်က ပိတ်တယ်လို့ကြားရတာပဲ၊ ကကကြည်းအမိန်နဲ့ အဲဒီမှာ တာဝန်ကျ တပ်က ပိတ်တယ်ဆိုတော့ တစ်ခါမှ မကြုံဘူးတော့ နားမလည်ဘူးဖြစ်နေတယ်၊ တရုတ်ဘက်က စစ်ဆေးတာ မြန်အောင်လို့တော့ ဒီနေ့ပဲ တရုတ်အကောက်ခွန်ကို ညှိနှိုင်းဖို့ သွားပါ့မယ်၊ မြန်မာဘက်က မဖွင့်ပေးရင်တော့ အသီးတွေ အလေအလွင့်က တစ်ကားကို ကျပ် ၃ သိန်းနဲ့ အနည်းဆုံးတွက်ရင်တောင် ကျပ်သိန်း ပေါင်း ၄၅၀၀ လောက် ဆုံးရှုံးနိုင်ပြီး ရက်ကြာရင်တော့ အားလုံး ဆုံးရှုံးရမှာဖြစ်လို့ ကျပ်သိန်းပေါင်း ၆ သောင်းကျော်လောက် မြန်မာဘက်က နစ်နာဆုံးရှုံးမယ်လို့ ခန့်မှန်းပါတယ်”ဟု ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
.
ဒီဇင်ဘာလ ၂၄ ရက်လောက်ကတည်းက တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှု အလွန်ကြန့်ကြာနေမှုကြောင့် တစ်ရက်လျှင် ကျင်စန်းကျော့ဂိတ်ဘက်သို့ သွားသည့် ကားစီးရေ ၃၀၀ ကျော်အနက်  ၁၀၀ ခန့် ပိတ်မိနေပြီး ယခု ၂၇ ရက်အထိ စီးရေ ၅၀၀ ကျော် ရှိနေမည်ဖြစ်ကာ ၁၀၅ မိုင်ကွင်းတွင်လည်း စီးရေ ၁၀၀၀ ခန့် ရှိလာနေပြီဖြစ်ကြောင်း၊ နေ့စဉ် တိုးလာနေသည့် ကုန်တင်ယာဉ်များကြောင့် အနည်းဆုံး စီးရေ ၁၅၀၀ ၀န်းကျင်အထိ ရှိလာနိုင်မည်ဖြစ်ကာ ကုန်ရောင်းချခွင့် မရပါက နစ်နာဆုံးရှုံးမှု များပြားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
.
လက်ရှိတွင် ဖရဲ၊ သခွားတင် ယာဉ်များနှင့် ရေထွက်ကုန်စည်များဖြစ်သည့် ငါးရှဥ့်၊ ဂဏန်း၊ ရေခဲရိုက်ငါးများမှာလည်း ၁၀၅ မိုင်ကွင်းတွင် တရုတ်ဘက်မှ ၀ယ်ယူပြီးဖြစ်သော်လည်း ၀မ်တိန်အရောက်ပို့ သဘောတူညီချက်အရ မပို့နိုင်ပါက ငွေမရသေးသဖြင့် အားလုံးနီးပါး နစ်နာဆုံးရှုံးနိုင်မည်ဟု ၄င်းက ခန့်မှန်းပြောဆိုသည်။
.

(ဓါတ်ပုံ - ကိုမြင့်နောင်)
 
၎င်းအသင်း၏ စာရင်းအရ ဖရဲသခွားတင် ကုန်ကားတစ်စီးလျှင် ၁၆/၁၇ တန် တင်ဆောင်လာခြင်းဖြစ်ပြီး အလေအလွင့်အရ ပယ်သီး/စွန့်ပစ်သီးများမှာ ယာဉ် တစ်စီလျှင် အနည်းဆုံး ၃ တန်မှ တစ်စီးလုံးအထိ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေလျက်ရှိနေသည်ဟု ဖော်ပြလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက “ ကုန်သည်ကြီးများအသင်းက တရုတ်ဘက်ကို မကြန့်ကြာအောင် သွားညှိမယ်လို့ပြောတယ်၊ တပ်က ကျင်စန်းကျော့ဂိတ် ပိတ်ထားတယ်လို့လည်း ပြောတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးကို မေးဖို့လည်း ရှိပါတယ်၊ ကျင်စန်းကျော့က တရားမ၀င် ဂိတ်တော့ မှန်ပေမယ့် အခြားဂိတ်တွေမှာက ၀မ်တိန်လို သစ်သီးကွင်း မရှိတော့တာဖြစ်လို့ တရားဝင်ဂိတ်ဖြစ်ဖို့လည်း ညှိနှိုင်းနေဆဲလို့ သိရပါတယ်” ဟု ပြောဆိုသည်။
.
ထို့အတူ မူဆယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးကော်မတီအဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေအား အသေးစိတ် သိရှိခွင့် မရရှိသေးပေ။
.
ယခု ပိတ်လိုက်သည့် ကျင်စန်းကျော့ဂိတ်မှာ မူဆယ် ၁၀၅ မိုင်မှ ၆ မိုင်ခန့် ကွာဝေးသည့် နယ်စပ်တွင် တည်ရှိပြီး ယင်းမှ တရုတ်နိုင်ငံ ၀မ်တိန်မြို့မှ တဆင့် ရွှေလီမြို့သို့ သီးနှံများကို ပို့ဆောင်ကြကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ပြည်ပရေးရာဌာနမှူးမှ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်းသို့ ဒီဇင်ဘာ ၂၀ ရက်က ပေးပို့သည့်စာတွင် မြန်မာ-တရုတ် ၀င်/ထွက်ပေါက်များတွင် လက်ဗွေ ရယူခြင်းကို ပိုမိုကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအတွက် ကြန့်ကြာမှုများ ရှိလာနိုင်သည်ကို နားလည်ပေးရန် ပါရှိပြီး မူဆယ်နယ်စပ် ကုန်သည်ကြီးများအသင်းမှလည်း ယင်းစာပါကိစ္စရပ်အား မူဆယ် ၁၀၅ မိုင်ရှိ အဝေးပြေးကုန်တင်ယဉ်အသင်း၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ နှင့်ကုန်စည်ဒိုင်အသီးသီးသို့ ထပ်မံဖြန့်ဝေပေးထားကြောင်း သိရသည်။ 

No comments:

Post a Comment

Recent Tube