ပြည်ပသို့ တင်ပို့သည့် ဖရဲ၊ သခွားများ အပယ်ခံရမှု များပြားနေသဖြင့် သမားရိုးကျ စိုက်ပျိုးရေး နည်းလမ်းများအစား နည်းပညာနှင့် အရင်းအနှီးများ တိုးမြှင့်ရန် လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, December 28, 2018

ပြည်ပသို့ တင်ပို့သည့် ဖရဲ၊ သခွားများ အပယ်ခံရမှု များပြားနေသဖြင့် သမားရိုးကျ စိုက်ပျိုးရေး နည်းလမ်းများအစား နည်းပညာနှင့် အရင်းအနှီးများ တိုးမြှင့်ရန် လိုအပ်နေ

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံသို့ ရောင်းချနေသည့် နယ်စပ်ကုန်သွယ်ရေး တင်ပို့မှုတွင် ဖရဲ၊ သခွားများမှာ ဝမ် တိန်ဈေးကွက်၌ အပယ်ခံရမှုများပြား နေသည့်အတွက် ဈေးကွက်လိုအပ်ချက် ပြည့်မီစေရေး အတွက် တောင်သူများအနေဖြင့် သမားရိုးကျစိုက်ပျိုးရေး နည်းလမ်းများအစား နည်းပညာနှင့် အရင်းအနှီးများ ယခုထက် ပိုမိုတိုးမြှင့်ထုတ်လုပ်ရန် လိုအပ် ကြောင်း မူဆယ်မြို့အခြေစိုက် သစ်သီးဝလံကုန်စည်ဒိုင် ဥက္ကဌဖြစ်သူ ဦးစိုင်းမြင့်ဗိုက ပြောကြားသည်။
.
.
''ကြီးပေ့ကောင်းပေ့ဆိုမှ ဈေးကောင်းရတာဆိုတော့ ပယ်သီးများ တာပါပဲ။ နှစ်ဘက်ညှိနှိုင်းသဘော တူချက်မရှိတော့ ကြိုက်ရောင်းကြိုက် ဝယ်ကြတာဖြစ်ပါတယ်။ အလုံးကြီး၊ အသားကျစ်၊ အနံ့အရသာကောင်း ဆိုရင် ဈေးကောင်း ရပါတယ်။ ဖရဲစိုက် တောင်သူတွေအနေနဲ့ သမားရိုးကျ နည်းလမ်းတွေအပြင် နည်းပညာရော အရင်းအနှီးတွေပါ ဒီထက်ထုတ် လုပ်နိုင်စွမ်း ရှိမယ်ဆိုရင်တော့ ဈေး ကွက် လိုအပ်ချက် ပြည့်မီပြီး ဈေး ကောင်းရနိုင်မှာ ဖြစ်ပါတယ်။ ပယ်စွန့် တွေကို ဝိုင်ထုတ်ဖို့ဆိုတာ မကောင်း တာတွေက ထုတ်ရင်တော့ အဆင်မ ပြေနိုင်ပါဘူး။ တစ်ဘက်ကလည်း ရရင်လုပ်တာကြာပြီပေါ့''ဟု ဦးစိုင်းမြင့်ဗိုက ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်တွင် စိုက်ပျိုးနေသည့် မြန်မာ ဖရဲ အချိုသီး(ထန်ဝမ့်)နှင့် ဆင်တူ သည့် ချီလင့်ကွာ ဖရဲမျိုးသည် ထန် ဝမ့်ထက် အသားကျစ်လစ်မှု၊ ကြွပ်ရွမှု သာလွန်ပြီး အရသာပိုမိုချိုသည့် အတွက် မြန်မာပြည်တွင်းရှိ ဖရဲစိုက် တောင်သူများအနေဖြင့် အရည်အ သွေးကောင်းကောင်း စိုက်ပျိုးနိုင်မှ သာ အမြတ်ကျန်နိုင်သည့် အနေအထားရှိကြောင်း မူဆယ်ဈေးကွက်ရှိ ဖရဲတောင်သူများမှထံမှ သိရသည်။
.
မူဆယ် ၁ဝ၅ မိုင်ရှိ ဖရဲသီးဈေး ကွက်တွင် ပွဲစားများမကြိုက်ပါက လည်းကောင်း ကြိုက်ဈေးမရသေးပါက လည်းကောင်း အကြိမ်ကြိမ် လှည့်ပတ်ဝင်ရင်း ဝယ်လက်မရှိပါက လမ်းဘေးထိုးသွန်နေရသည့်အနေအ ထားဖြစ်နေပြီး လက်ရှိအနေအ ထားတွင် ၁၇ တန်မျှတင်ဆောင်လာ သည့် ဖရဲ၊ သခွားကားတစ်စီးသည် တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ရောက် လျှင် တရုတ်ကုန်သည်ကားများပေါ် သို့ ပြောင်းတင်ရသည့်အခါပယ်သီး များသဖြင့် ကားတစ်စီးလျှင် ပျမ်းမျှ ၁၂ တန်ခန့်သာ ကျန်ရှိပြီးအနည်းဆုံး တန်ဝက်မှ ၁၅ တန်ခန့်အထိ အ ပယ်ခံရတတ်ကြောင်းနှင့် တစ်နေ့ လျှင် တန် ၁ဝဝဝ မျှ အပယ်ခံနေရ ကြောင်း ကုန်သည်များထံမှ သိရ သည်။
.
ပယ်သီးများမှာ အသီးနု၊ အမှည့် လွန်၊  ရောဂါကြောင့် အစက်အ ပြောက်ပါ၊ ရေဓာတ်များ၊ အသံမ ကောင်း၊ ပျော့အိ၊ အခွံကြောအ မြောင်းထ၊ အတွင်းသားမကျစ်လစ် အခေါင်းပွ၊ အသီးမမှည့်မီ အပင်သေ သီးနှင့် မလတ်ဆတ်ပွန်းပဲ့ နေပြီး ပုံသဏ္ဍာန်မမှန် ဖင်ကားထိပ်ရှုးကာ ၅ ကီလိုထက်ငယ်ခြင်း စသည့် ပြစ် ချက်များဖြင့် တစ်နှစ်လျှင် ဖရဲတန် ၈ သောင်းတွင် ၂ သောင်းခန့်မှာ အ ပယ်ခံနေရပြီး ၁ သောင်းခန့်မှာစွန့် ပစ်သီးများ ဖြစ်နေကြောင်း သိရ သည်။
.
ဖရဲသီး စိုက်ပျိုးထုတ်လုပ်မှု စရိတ်စုစုပေါင်း ကျပ်သန်းပေါင်း ၃ သောင်း အထက်ရှိနေရာ ကျပ်သန်း ပေါင်း ၁ သောင်း ခန့်ကိုစွန့်ပစ်နေ သည့် သဘောမျိုးဖြစ်နေပြီး တောင် သူ၏ အရှုံးဖြစ်သလို နိုင်ငံ၏အရှုံး လည်းဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ပို့ကုန်ဝင်ငွေမရရှိဘဲဆုံးရှုံးမှု ဖြစ်သွား ရခြင်းဖြစ်သဖြင့် အရည်အသွေး တိုင်းတာမှု၊ စံချိန်စံညွှန်းများ နှစ် ဘက်သဘောတူညီချက်များ လိုအပ် မည် ဖြစ်သည့်အပြင် အခြားရာသီ ဥတု၊ မူဝါဒ၊ လမ်းခရီးများ စသည်တို့ တွင် ဈေးကွက်ကြိုက်အဆင့် ပြည့်မီရ ရှိရေးအပြင် သဘောတူစံနှုန်းထား များ ရရှိရေးအတွက် သစ်သီးဝလံဈေး ကွက် အတွက်လိုအပ်ချက်ဖြစ်ပေါ်နေ ကြောင်း သစ်သီးဝလံကုန်သည်များ ထံမှ သိရသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလ အတွင်း မူဆယ်သစ်သီးဈေးကွက်သို့ တစ်ရက်လျှင် ဖရဲသီးကားအစီး ၅ဝဝ ကျော် ဝင်ရောက်ခဲ့ပြီး အများဆုံး ကားစီးရေ ၁၂ဝဝ ကျော်ဝင်ရောက် ခဲ့ကြောင်းနှင့် လတ်တလောတွင် မူဆယ်သို့ ဖရဲသခွားတင်ကား ၃ဝဝ ခန့်နေ့စဉ်ဝင်ရောက်နေကာ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီးရှိ မြို့ များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုင်းရယ်၊ တန့်ယန်းစသည့် မြို့နယ်များရှိ ဖရဲစိုက်တောင်သူများ မှ တင်ပို့လျက်ရှိကြကြောင်း  သိရသည်။
.

No comments:

Post a Comment

Recent Tube