မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ခရီးသွားကဏ္ဍ မြှင့်တင်မှု
အနေဖြင့် ဒုတိယအကြိမ်မြောက် အင်းလေးဒေသ တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာလ
၁၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်တွင်း/ပြည်ပမှ စက်ဘီးစီး သမား ၅၀၀ ဦးပါဝင်ဆင်နွှဲခဲ့ကြောင်း
Cyclist Nyaung Shwe အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ ဦးကျော်ကျော်ဦးထံမှ သိရသည်။
.
.
“ပထမတော့ အားလုံးက ၄၀၀ ဦးကိုပဲ ကန့်သတ်ထားခဲ့တာဖြစ်ပေမဲ့ စိတ်ဝင်တစား
အားပေးပါဝင်ကြတဲ့ အားကစားသမားတွေအတွက် ဆုမဲတွေ၊ အစားအသောက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
စက်ဘီးစီးရင်း အင်းလေးဒေသရဲ့ သဘာဝအလှတွေကို ကြည့်ရှု ခံစားနိုင်ဖို့ နှစ်စဉ်ကျင်းပနိုင်အောင်
ဆောင်ရွက်သွားမှာပါ။ ပါဝင်ကူညီသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်” ဟု ဦးကျော်ကျော်ဦးက
ပြောသည်။
ဒုတိယအကြိမ်မြောက် INLAY BYCYCLE EVENT တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို
မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရန်၊ စက်ဘီးစီးအားကစားကို လူအများပိုမိုစိတ်ဝင်စားလာစေရန်၊
သဘာဝန်းကျင် ဇီဝသန့်ရှင်းမှုအတွက် အထောက်အကူပြုရန်၊ လူထုကျန်းမာရေးကဏ္ဍ ပိုမိုကျယ်ပြန့်လာစေရန်
ရည်ရွယ်ချက်များဖြင့် ပြည်တွင်း/ပြည်ပမှ အားကစားသမားများကို ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
၎င်းက ပြောသည်။
.
အဆိုပါ စက်ဘီးစီးနင်းပွဲကို ၃၀ ကီလိုမီတာ၊ ၁၅ ကီလိုမီတာဟူ၍ ၂ မျိုးခွဲခြားထားသော်လည်း
တာထွက်နှင့် ပန်ဝင် နေရာမှာ အတူတူပင်ဖြစ်ပြီး ၃၀ ကီလိုမီတာတွင် ညောင်ရွှေမြို့ဟော်ဟောင်းညဈေးကွင်းမှ
ကုန၊ ရေဦး၊ ကြေးကိုင်၊ ရွှေရန်ပြေ၊ တီလော၊ စိုက်ပျိုးရွာ၊ ထပ်အိမ်၊ လွယ်ကင်ရွာ၊ ကန်တော်ရွာ၊
လွယ်ငန်းကျောင်း၊ ချောင်းစောက်၊ ၀ါးတော်၊ ဘုရား ကြီးကျောင်း၊ နန်းသဲရွာမှ တာဝင်လမ်းဆုံအထိ
ဖြစ်ပြီး ၁၅ ကီလိုမီတာတွင် လမ်းဆုံမှ ကုန၊ ရေဦး၊ ကြေးကိုင်၊ ရွှေရန်ပြေ၊ တီလော၊ စိုက်ပျိုးရွာမှ
ထပ်အိမ်သို့မသွားတော့ဘဲ မီးပွိုင့်သို့ တိုက်ရိုက်သွားရောက်ပြီး တာဝင်ရန်သတ်မှတ်ခဲ့ကြောင်း
သိရသည်။
.
၁၅ ကီလိုကို Beginer များအနေဖြင့် တောင်တက်ခရီးမပါဘဲ အေးဆေးစွာ
စီးနင်းနိုင်ရန်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ ပြိုင်ပွဲအနေဖြင့် စီးနင်းမည့် စက်ဘီးစီးအားကစားသမားများပါနိုင်သဖြင့်
နံနက် ၆ နာရီခွဲမှစကာ စီးချိန်အများဆုံး ၃ နာရီခန့်သာ ရှိခဲ့ကြောင်းနှင့် ခရီးစဉ်တစ်လျှောက်တွင်
Cyclist Nyaung Shwe အဖွဲ့ဝင် ၂၀ ဦးမှ ဦးဆောင်လမ်းပြစီးနင်းခဲ့သည့်အပြင် လမ်းညွှန်ဆိုင်းဘုတ်များ၊
ယာဉ်ထိန်း၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အပြည့်အဝကူညီပေးခဲ့ကြောင်း ရှမ်း/တောင်
ဧည့်လမ်းညွှန် အသင်း ဥက္ကဌဖြစ်သူ ဦးညီညီဇော် မှ ပြောသည်။
.
“တီရှပ်နဲ့ လည်ဆွဲက ၄၀၀ ပဲသတ်မှတ်ခဲ့ပေမဲ့ ကျောနံပါတ်ပါ ပန်းဝင်သူအားလုံး
ဆုမဲဖောက်ခွင့် ရရှိပါတယ်။ ပြည်ပဧည့် ၅၀ ဦးနဲ့ Cyclist အဖွဲ့တွေ အပါအဝင် ၅၀၀ ဦးပါဝင်
စီးနင်းခဲ့ပါတယ်” ဟု ၎င်းကပြောသည်။
.
အဆိုပါပွဲကို ပါဝင်စီးနင်းသူများအတွက် ခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)
မှ T-Shirt ၄၀၀ ထည်ကို လည်းကောင်း၊ နိုဗိုတယ်ဟိုတယ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ
စက်ဘီး XDS YX 350 ၄ စီးကို လည်းကောင်း ကံစမ်းမဲဖောက်ရန်လှူဒါန်းခဲ့သည့်အပြင်
ပန်းဝင် ဆွဲပြား ၄၀၀ ကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် Genius Coffee နှင့် နံနက်စာ၊ နေ့လယ်စာများကို World
Bank (IFC) မှလည်းကောင်း၊ ညောင်ရွေ၊ ကလောနှင့်တောင်ကြီးမြို့ရှိ ဟိုတယ် ၁၀ လုံးတွင်
အခမဲ့တစ်ညအိပ်ခွင့်၊ Red Mountain ၀ိုင် ၇ ပုလင်း၊ အချိုရည် ဆုမဲများကိုလည်း မဲဖောက်ပေးခဲ့ကြောင်း
သိရှိရသည်။
.
အဆိုပါ ဒုတိယအကြိမ် INLAY BYCYCLE EVENT တောင်တက်လမ်းကြမ်း စက်ဘီးစီးနင်းပွဲကို
အင်းလေးကန် ဝင်ငွေအနက် ရှမ်းပြည်နယ်အစိုးရစီမံခန့်ခွဲပိုင်ခွင့်ငွေမှ ကျပ် ၁၀ သိန်းဖြင့်
မတည်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန၊ ရှမ်း/တောင်
ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ရှမ်းတောင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့်
Cyclist Nyaung Shwe Team အဖွဲ့တို့ မှ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်
စက်ဘီးစီးနင်းပွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ရက် က GIZ အကူအညီဖြင့် ကျင်းပခဲ့ကာ စက်ဘီးစီး
အားကစားသမား ၃၀၀ ဦးပါဝင်စီးနင်းခဲ့ကြကြောင်းသိရှိရသည်။
.
.
.
#KBZTai #Shan