လားရှိုးမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော် ခရိုင်အဆင့်ဘောလုံးပွဲ၌ တောင်ကြီးအသင်းက ဗိုလ်စ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော် ခရိုင်အဆင့်ဘောလုံးပွဲ၌ တောင်ကြီးအသင်းက ဗိုလ်စ

နောင် (မြစ်မခ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တစ်နိုင်ငံလုံးအတိုင်းတာဖြင့်ကျင်းပသည့် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ် ပြည့်နှစ်သစ်ကူးပွဲတော်၏ ခရိုင်အဆင့်ဘောလုံးပွဲ၌ တောင်ကြီးအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါရှမ်းနှစ်သစ်ကူးပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းကျင်းပနေခြင်းဖြစ်ပြီး ဘောလုံးပွဲတွင် တောင်ကြီးအသင်းသည် ဝမ်ဟိုင်းအသင်းအား ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာ ၇ ရက်၊ နေ့လယ် ၂ နာရီမှာ စပြီးကန်ပါတယ်။ အစပိုင်းမှာ ဝမ်ဟိုင်းအသင်းက စသွင်းပါတယ်။ မိနစ် ၉၀ ပြည့်တော့ တစ်ဖက်တစ်ဂိုးနဲ့ သရေကျပါတယ်။ အချိန်ပိုကန်တဲ့ အချိန်မှာ တောင်ကြီး အသင်းက အနိုင်ရသွားတာပါ။’’ဟု ဘောလုံးပွဲ ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။
ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ကျင်းပကာ ဒီဇင်ဘာ ၇ ရက်တွင် ဗိုလ်လုပွဲကျင်းပခဲ့ပြီး ရှမ်းနှစ် သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ လားရှိုးမြို့ရှိ ချယ်ရီမြိုင်အိမ်ရာဝန်းတွင် ကျင်းပနေကာ အနယ်နယ်အရပ်ရပ်မှရှမ်းတိုင်းရင်းသားများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ လာရောက်ခဲ့ကြောင်း သိရသည်။
“ခရိုင်အဆင့်ကန်သွားတာပါ။ ဘောလုံးပွဲကတော့ နိုဝင်ဘာ ၂၅ ရက်က ဒီဇင်ဘာ ၇ ရက်ထိ လားရှိုးပြည်ထောင် စုအားကစားကွင်းမှာကန်တာဖြစ်ပါတယ်။’’ဟု လားရှိုးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးစိုင်းကျော်ဌေး ကပြောသည်။ 
ဘောလုံးပြိုင်ပွဲတွင် တောင်ကြီး(မိုးပြဲ)အသင်းက ပထမဆု ငွေကျပ်သိန်း(၂၀)၊ ဝမ်ဟိုင်းအသင်းက ဒုတိယဆု ငွေကျပ်(၁၀)သိန်း၊ မြစ်ကြီးနားအသင်းကတတိယဆု ငွေကျပ်(၅)သိန်း ၊ လားရှိုးအသင်းက တတိယပူးတွဲဆု ငွေကျပ်(၅)သိန်းကို ချီးမြှင့်ရရှိခဲ့ကြောင်း သိရသည်။


Journal Download

Photo of three cats