အမှိုက်ကောက် အမှိုက်လှဲ အမှိုက်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမှိုက်ကောက် အမှိုက်လှဲ အမှိုက်သိမ်း


ရဲဘော်မြသိန်း (ဟိုပုံး)
.
ကျွန်တော် ရှစ်နှစ်သားနဲ့ ကိုးနှစ်သားအရွယ် ဘုန်းကြီးကျောင်းသား ဘဝက ဆရာတော်က ကျွန်တော်တို့ကို အောက်ပါကဗျာ တစ်ပုဒ်ကို သင်ပေးပါတယ်။ နှုတ်တိုက် အလွတ်ရအောင် ဆိုရပါတယ်။
.
 
.
''မိမိစိတ်ကြည်၊ သူ့စိတ်ကြည်နှင့်၊ တစ်လီ နတ်ချစ်၊ ယောလစ်ဆင်းလှ၊ သေကာလမှ ရောက်ရနတ်ပြေ (ပြည်)၊ ဤငါးထွေ၊ ကျင့် လေတံမြက်လှဲ။''
.
အဲဒီကဗျာ အလွတ်ရကြတဲ့အခါ ဆရာတော်က လေးလုံးစီကို အသေးစိတ်ပြန်ပြီးရှင်းပြပါ တယ်။ စကားပြေ ပြန်ပြပါတယ်။ မူလကဗျာကလည်းရှင်း၊ ဆရာတော်ရဲ့ စကားပြေကလည်း အပိုမပါ ရှင်းရှင်းလင်းလင်း ဆိုတော့ အဓိပ္ပါယ် အားလုံးကို ကွက်ကွက်ကွင်းကွင်း နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော်တို့တတွေ  ဟာတံမြက်စည်းလှဲလုပ်အားပေးကြရင် စိတ်ကြည်လင်တာ မကြည်လင်တာ အသာထား၊ ရုပ်ရည်အဆင်းလှတာ မလှတာ စိတ်မဝင်စား၊ နတ်တွေက ချစ်ကြတယ်။ သေလွန်ပြီးရင်လည်း နတ်ပြည်ရောက်ရတယ် ဆိုတဲ့ အချက်နှစ်ချက် ကို ပိုပြီး သဘောတွေ့ မနော ခွေ့ကြပါတယ်။ အထူးသဖြင့် သေလွန်ပြီးတဲ့ တစ်နေ့ကျရင်နတ် ဖြစ်ရတယ်ဆိုတဲ့ အချက်ကို ပိုပြီး နှစ်ခြိုက်သ ဘောကျကြပါတယ်။ နတ်ဖြစ်ရင် တန်ခိုးဣဒ္ဇိပါဒ် ရှိတယ် မဟုတ်လား။
.
''မင်းတို့ အခုလူ့ပြည်မှာ ဘာမှမလုပ်ဘဲ နဲ့ကို တံမြက်စည်းလှဲ သန့်ရှင်းရေးအလုပ် လုပ် ရုံနဲ့တင် အလိုလို နတ်ပြည်ရောက်တယ်။ တခြားကုသိုလ်ကောင်းမှုတွေ မလုပ်ဘဲနဲ့ကို နတ် ပြည်ရောက်တယ်။ သိကြားမင်း ဦးမာဃဟာ သူ့အဖော်တွေနဲ့ အဲဒီလို သန့်ရှင်းရေးလုပ်ရင်း နောက်ဆုံး တာဝတိံသာနတ်ပြည် ရောက်ရတာ''
.
ဆရာတော်က ကျွန်တော်တို့ ကလေးတွေ နားလည်နှစ်ခြိုက်မယ့် အားပေးစကားတွေနဲ့ မိန့်ကြားပါတယ်။ အပျော်လိုလို အတည်လိုလို နဲ့ပါ။ ကျွန်တော်တို့ကလည်း ယုံကြည်ကြပါတယ်။ အားလည်းတက်မိကြပါတယ်။ နောက်ပြီး ဆရာတော်ဟာ ကျွန်တော်တို့ကို တံမြက် စည်းလှဲနည်းတွေ သင်ကြားပေးပါတယ်။ အခန်း အတွင်း လှဲခြင်း၊ အခန်းအပြင်လှဲခြင်း ၊ရပ်ထဲရွာထဲ စုပေါင်းလှဲခြင်း၊ နှစ်ယောက်နဲ့ အထက်တန်း စီလှဲခြင်း၊ ဖုန်မထ သဲမပါ မလေလွင့်အောင် လှဲခြင်း၊ တံမြက်စည်း အရှည်အတိုတို့လှဲခြင်းများ ဖြစ်ကြပါတယ်။ အထူးအားဖြင့် တံမြက် စည်းငန်းတိုက်လှဲပုံကို လက်တွေ့ပြသပါတယ်။ တစ်ယောက်တည်းပဲ လှဲလှဲ အများနဲ့ပဲ လှဲလှဲ ငန်းတိုက်သလို လှဲရပါတယ်။ လယ်သမားသား သမီးဖြစ်တဲ့ ကျွန်တော်တို့ဟာ ငန်းတိုက်လှဲတာ ကို အလွယ်တကူ သင်ယူတတ်မြောက်ကြပါတယ်။ ငန်းတိုက်တဲ့ သဘောက အမှိုက်တစ်မျှင် တစ်ခုမျှ မကျန်အောင် တစ်နေရာရာက အမှိုက်ကို တစ်ကြိမ်စီ တစ်ကြိမ်စီ အခြားတစ်နေရာကို ပို့ဆောင်လှဲကျင်း ရွှေ့ထားပြီး တစ်ကန့်စီ တစ် တန်းစီ စုစည်းအပြောင် လှဲရတဲ့ သဘောပါ။ လယ်ထဲမှာ စပါးပျိုးပင်တွေကို ကောက်ကွက်မ ကျန်အောင် ပျိုးချတဲ့ သဘောပါ။ အခုကျတော့ အမှိုက်ပြောင်စင်အောင် လှဲရတဲ့ သဘောပေါ့။
.
ကျွန်တော်ဟာ ဘုန်းကြီးကျောင်းမှာ တံမြက်စည်း ကောင်းကောင်းလှဲတတ်သလို အိမ်မှာလည်း မိဘတွေက အိမ်နဲ့ ပတ်ဝန်းကျင်သန့် ရှင်းရေးကို လုပ်ခိုင်းပြန်တော့ တံမြက်စည်း လှဲရတာကို သိပ်ဝါသနာ ပါခဲ့ပါတယ်။ အမြဲပဲ လည်း လှဲကျင့်လေ့ရှိပါတယ်။ ဒါထက်မက ရပ်ထဲရွာထဲ သန့်ရှင်းရေး လုပ်အားပေးပွဲတွေမှာ လည်း တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ ပါဝင်လေ့ရှိပါတယ်။ ကလေး လူငယ်သဘာဝမို့ လားမသိပါ။ နတ်တွေ သိကြားတွေ ချစ်ခင်တာ ကို ခံယူချင်ခဲ့ပါတယ်။ နောက်ပြီးတစ်နေ့မှာ နတ်တို့သိကြားမင်းတို့ ဖြစ်ချင်တဲ့ ဆန္ဒကလည်းရှိ နေတာကိုး။ အကျိုးမျှော်တာပါ။
.
တကယ်တော့ ကျွန်တော်ဟာ အမှိုက်လှဲ တာကို သဘောကျ နှစ်ခြိုက်ဝါသနာ ပါသလို အမှိုက်ကောက် အမှိုက်သိမ်း အမှိုက်စွန့်ပစ်တာ တွေကိုလည်း ကျွဲကူးရေပါ ဆိုသလို ထိတွေ့ လုပ်ဆောင်ခဲ့ရတာပါပဲ။ ဘုန်းကြီးကျောင်းမှာ၊ အိမ်မှာ၊ အတန်းကျောင်းမှာ၊ ရပ်ထဲရွာထဲမှာ၊ ဘုရားကျောင်းကန်တွေမှာ လုပ်ငန်းခွင်တွေထဲ အခါအခွင့်သင့်ရင် ပျော်ပျော်မွေ့မွေ့ ဆင်နွှဲခဲ့ တာပါပဲ။ အမှိုက်နဲ့ ပတ်သက်တဲ့ ဗီဇစိတ် ကျွန်တော့်မှာ ကိန်းအောင်းခဲ့တယ်လို့ ချုပ်ပြီးပြောပါ ရစေ။
.
ဒီနေ့ခေတ် အမှိုက်ကောက်တာ၊ အမှိုက် သိမ်းတာ၊ အမှိုက်ပစ်တာတွေ လှုံ့ဆော်ခေတ် စားနေပါတယ်။ ရေပန်းစား နေပါတယ်။ ကြိုး ကြား ကြိုကြားပါ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကောင်းမြတ်မှန်ကန်တဲ့ အလုပ်ပါ။ ကုသိုလ်စိတ်ရှိတဲ့လူ တွေရဲ့ ကုသိုလ်ကောင်းမှုတွေပါ။ ဒါကို နိုင်ငံတော်အဆင့်မှ အောက်ခြေအဆင့်ထိ အားပေး စိတ်ဝင်စားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြောရဲ ပါတယ်။ ကမ္ဘာပေါ်မှာ သန့်ရှင်းလှပနဲ့ ဂုဏ်ဝင့် နေတဲ့ စင်္ကာပူနိုင်ငံလို ဖြစ်အောင် ကျွန်တော်တို့ ငွေကုန်ကြေးကျမများဘဲ နည်းပညာတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မလိုဘဲ၊ ပစ္စည်းပစ္စယ တွေ များများစားစား မသုံးဘဲ၊ ဘာအမိန့် ဘာသြဇာကိုမှ စောင့်နေစရာ မလိုဘဲ၊ ခဲရာခဲဆစ် တွေ မရှိဘဲ လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ လူတစ်ဦးချင်းစီက အမှိုက်ကောက်တာ၊ အမှိုက် လှဲရှင်းတာ၊ အမှိုက်သိမ်းတာ၊ အမှိုက်စွန့်ပစ်တာ တွေကို ဝါသနာပါပြီး စနစ်တကျ လုပ်ကြကိုင် ကြမယ်ဆိုရင် စင်္ကာပူနိုင်ငံလို သန့်ရှင်းလှပတာ ကို ပျင်းတောင်ပျင်း သေးတယ်။ အဲ ဒါပေမဲ့ ညီ ညာမှ ပြည်သာမှာပါ။ အမှိုက်သန့်ရှင်းချင်တဲ့ဦး ရေက ရာခိုင်နှုန်းကိုးဆယ်လောက်ရှိမှ စင်္ကာပူ နိုင်ငံလို ဖြစ်မှာပါ။ ကျွန်တော်တို့တွေ အပျင်းထူ နေလို့၊ နိုင်ငံကြီးသား မပီသလို့၊ လုံ့လဝီရိယ နည်းပါးကြလို့ ကတော့ စင်္ကာပူကိုမီဖို့ ဝေးစွ အ ခုလက်ရှိ အနေအထားထက်ကို နိမ့်ကျသွားဦး မှာပါ။
.
အမှန်စင်စစ် လူရှိရင် အမှိုက်ရှိတာပါပဲ။ မိမိကိုယ်မှာရော ပတ်ဝန်းကျင်မှာပါ အမှိုက်ရှိမှာပါပဲ။ အမှိုက်တွေဟာ ကျွန်တော်တို့ ဖန်တီးလုပ် ဆောင်လိုက်တဲ့ အရာတွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးဆောင်တဲ့ အရာမှန်သမျှဟာ တစ်ချိန်ချိန်မှာ အမှိုက်ဖြစ်လာမှာပဲ။ ယုတ်စွအ ဆုံး ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာလည်း သေဆုံးပြီးတဲ့တစ်နေ့မှာ အမှိုက်ပါပဲ။ ဒီတော့ အမှိုက်ဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင် ပါတယ်။ အမှိုက်လို့ ပြောလိုက်ရင် ကျွန်တော် တို့အားလုံး တာဝန်ယူရမယ့် ကိစ္စကြီးလို့ မှတ် ယူရပါမယ်။ တာဝန်ရှိတာကိုး။
.
အမှိုက်အကြောင်း ဆက်ပြောကြစို့ ဆိုရင် ဒီကိစ္စကြီးဟာ ကမ္ဘာကုန်ကျယ်သရွေ့အကြောင်း အရာကြီးပါ။ စက္ကူလေးတစ်စ၊ တုတ်ချောင်းလေး တစ်ချောင်း၊ မြက်၊ သဲ၊ ရွှံ့၊ ပင့်ကူအိမ်၊ သစ် ရွက်၊ သစ်ကိုင်း၊ အပွင့်၊ အသီး၊ ကွမ်းတံတွေး၊ ဆေးလိပ်တို၊ ပလပ်စတစ်အခွံ၊ ကြွပ်ကြွပ်အိတ်၊ ရေသန့်ဘူးအခွံ၊ နို့ဆီခွက်၊ ရေဆိုးရေညစ်၊ မြောင်းပုပ်၊ စတာတွေဟာ အမှိုက်တွေပဲလို့ ယေဘုယျသဘော ပြောလိုက်ပါရစေ။ အမှိုက်သ ရိုက် အမျိုးအစား အမည်စာရင်းကိုခွဲခြမ်း စိတ် ဖြာကြည့်မယ်ဆိုရင် အဘိဓာန်စာအုပ်တစ်အုပ် ဖြစ်နိုင်လောက်ပါတယ်။ အဓိကကတော့ ညစ် ပတ်စုတ်ပြတ်နေတဲ့ အမှိုက်တွေ မြင်တွေ့ရရင် လူတိုင်းစိတ်မချမ်းမမြေ့ ဖြစ်ကြရမှာပါ။ စိတ်အ နှောင့်အယှက် ဖြစ်ကြရမှာပါ။ အဲဒီလို အရုပ်ဆိုး အကျည်းတန် အညစ်အပတ်တွေနဲ့ နေရာအ တော်များများမှာ ပြည့်နှက်နေမယ်ဆိုရင် ဘယ် သူမှ ပျော်ရွှင်ချမ်းမြေ့ကြတော့မှာ မဟုတ်ပါဘူး။  ကျေးရွာရပ်ကွက် မြို့ပြတွေဟာ ဘယ်လိုမှ လှ ပသာယာမှာ မဟုတ်ပါဘူး။ တစ်တိုင်းတစ်ပြည် လုံး အတိပေါ့။
.
ကျွန်တော်ဟာ ဘယ်နိုင်ငံရပ်ခြားကိုမှ မရောက်ဖူးပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်တွေ၊ သတင်းမီဒီယာတွေမှာ အမှိုက်ဟူသမျှ ကင်းစင်ပြီး သာယာလှပတဲ့ ကမ္ဘာ့နိုင်ငံတချို့နဲ့ မြို့ပြကျေး ရွာတချို့ကို တွေ့နေရပါတယ်။ သိပ်ပြီးအားကျ မိပါတယ်။ ကျွန်တော်တို့ နိုင်ငံမြို့ပြ၊ ရပ်ကွက်နဲ့ ကျေးရွာတွေကို အဲဒီလို အဆင့်အတန်း မြင့်မား စေချင်ပါတယ်။ သာယာလှပ ပြောင်လက်စေချင် ပါတယ်။ သူများနဲ့ ယှဉ်ရင် ကျွန်တော်တို့နိုင်ငံ ဟာ သိပ်ပြီး ရှက်စရာ ကောင်းနေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ လာရောက် လည်ပတ်လေ့ရှိတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ကို မြင်လေတိုင်း ကျွန်တော် ရှက်စိတ်တွေ လွှမ်းမိုးခဲ့ရပါတယ်။ သူတို့တွေ ကျွန်တော်တို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြတွေကို ဘယ်လိုမြင် ကြမယ် မသိပေမယ့် ကျွန်တော်ကတော့ ရှက် ပြီးရင်း ရှက်နေတော့တာပါပဲ။
.
ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့တွေဟာ လူတွေပါ။ သူတို့လည်းလူ ကိုယ်လည်းလူပါ။ ကိုယ့်အား ကိုယ်ကိုးမှ ဖြစ်မှာပါ။ သူများ သွားအားကိုးလို့ ဘာမှ ရမှာ မဟုတ်ပါဘူး။ ကိုယ့် တိုင်းပြည် သန့်ရှင်းလှပသာယာအောင် လုံ့လဝီရိယရှိဖို့ လိုအပ်ပါတယ်။ အလုပ် လုပ်ကြဖို့ လိုပါတယ်။ စီမံခန့်ခွဲတဲ့ အုပ်ချုပ်ရေးအပိုင်းက လူတွေတိုးမြှင့် အလုပ် လုပ်ကြရ မှာ ဖြစ်သလို လူတစ်ဦးချင်းကလည်း အသိတရားနဲ့ ဆင်ခြင်လိုက်နာ စောင့်ထိန်းရမှာ ဖြစ် ပါတယ်။ ဥပမာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တာတို့ ကွမ်းတံတွေး ထွေးတာ တို့ကို နေရာမရွေး ထွေးတာတို့ ကျင်းတွေ ချိုင့်ခွက်တွေ မြစ်ချောင်းတွေကို အမှိုက်ပုံလို့ မှတ်ပြီး မိမိအနားက အမှိုက်ကို ငါ့လက်က လွတ် ဗြွတ် လို့ သဘောထားပြီး စွန့်ပစ်တာမျိုးတွေ စသဖြင့် စသဖြင့် ။
.
နိဂုံးချုပ် အနေနဲ့ ဆောင်းပါး ခေါင်းစဉ်နဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ်။ ဒီနေ့ကစပြီး ကျွန် တော်တို့တတွေ ကိုယ့်အိမ်က စပြီး သင့်တင့်လျောက် ပတ်သလို သင့်တော် ကြုံကြိုက်တဲ့ နေရာဌာန တိုင်းမှာ အမှိုက်ကောက်ကြပါစို့။ အမှိုက်လှဲကျင်း ကြပါစို့။ အမှိုက်သိမ်းကြပါစို့။ အမှိုက်ရှင်းလင်း ကြပါစို့။ အမှိုက်ပစ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats