ရွာငံတွင် ကော်ဖီဆွတ်ခူးချိန်ရောက်၍ ကော်ဖီခူး လုပ်သားများ အဆင်ပြေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် ကော်ဖီဆွတ်ခူးချိန်ရောက်၍ ကော်ဖီခူး လုပ်သားများ အဆင်ပြေ


ရွှေရည်ဦး၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကော်ဖီသီးများ ရင့်မှည့်နေပြီ ဖြစ်၍ စတင်ဆွတ်ခူးလျက်ရှိရာ ကော်ဖီခူး လုပ်သားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
.
ရွာငံဒေသထွက် ကော်ဖီသီးများကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကော်ဖီစက်ရုံများမှ ဝယ်ယူနေကြပြီး အဖွင့်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၇၀၀ ရရှိကြောင်း ရွှေရွာငံ ကော်ဖီစက်ရုံပိုင်ရှင် ဦးဝင်းအောင်ကျော်ထံမှ သိရသည်။
.
“ကော်ဖီသီးက နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ၃ လလောက် ခူးရတယ်။ အခု ဒီဇင်ဘာနောက်ပိုင်းမှ အမှည့် ညီပါတယ်။ ကျွန်တော်တို့ စက်ရုံမှာ ဒီလပိုင်းတွေအတွင်း လုပ်သားအင်အား ၇၀ လောက် သုံးရပါတယ်။ ကျန်ရာသီ မှာတော့ လုပ်သား ၂၀ ဦးလောက်နဲ့ ရပါတယ်။ လုပ်အားခ ကတော့ အမျိုးသားတစ်ဦး တစ်နေ့ ၅၀၀၀ ကျပ်နဲ့ အမျိုး သမီးတစ်ဦး တစ်နေ့ ၃၅၀၀ ကျပ် ပေးရပါတယ်။ လုပ်သားတွေလည်း ဒီရာသီဆိုရင် အဆင်ပြေကြပါတယ်ဟု ဦးဝင်း အောင်ကျော်မှ ပြောသည်။
.
အထူးတန်း ကော်ဖီထုတ်လုပ်သည့် စက်ရုံများတွင် ကော်ဖီသီးကို အခွံခွာ၊ အချဉ်ဖောက် နေလှမ်းရပြီး အခွံ ပျော့ဖြင့် သိမ်းဆည်းသည့်နည်းလမ်းကို အသုံးပြုကြကြောင်း သိရသည်။ ဩဂဲနစ်အထူးတန်းကော်ဖီဖြစ်သည့် အာရေဗီကာ (Arabica) ကို ပြည်ပဈေးကွက်သို့ အများဆုံးတင်ပို့ပြီး ရိုဘတ်စတာ (Robusta) မျိုးများ ပြည်တွင်း ဈေးကွက်သို့ ဖြန့်ချိကြောင်း သိရသည်။
.
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရွာငံမြို့နယ်မှ အထူးတန်ကော်ဖီ တန် ၇၀၀ ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် နိုင်ငံခြားဝင်ငွေ ရရှိခဲ့ကြောင်း ကော်ဖီအရည်အသွေး ကျွမ်းကျင်ပညာရှင် ဒေါ်စုနန္ဒာလင်းထံမှ သိရသည်။
.
ရွာငံမြို့နယ်တွင် ရွှေရွာငံစက်ရုံ၊ ဥာဏ်ကြီးရှင်စက်ရုံ၊ အမရာစက်ရုံ၊ ပွေးကြီးစက်ရုံနှင့် မလေးရှားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဘန်ချွမ်းစက်ရုံဟူ၍ ကော်ဖီစက်ရုံ ၅ ခုရှိပြီး တရုတ်၊ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဂျာမနီ၊ စင်ကာပူနှင့် ဩစတေးလျနိုင်ငံများသို့ ကော်ဖီတင်ပို့လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats