ကျိုင်းတုံမြို့တွင် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင် ၂၅၀၀ ခန့်အား အခမဲ့ ကုသပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့တွင် ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင် ၂၅၀၀ ခန့်အား အခမဲ့ ကုသပေး



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရန်ကုန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားသည့် ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ကောင်းမှုခမ်းကျောင်းတိုက်တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ ဆေးစစ်ခြင်းနှင့် ဆေးဝါး ကုသခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
.
.
ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ ကျိုင်းတုံမြို့ရှိ မျက်စိဝေဒနာရှင် ၂၅၀၀ ဦးခန့်အား နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ လိုအပ်သည့် ဆေးဝါးကုသပေးခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာ လ ၂၆ ရက်တွင် မျက်စိဝေဒနာရှင် ၅၃၉ ဦးအား စမ်းသပ်စစ်ဆေး၍ ဆေးဝါးများကုသပေးခဲ့ပြီး လူနာ ၅၈ ဦး အား ခွဲစိပ်ကုသပေးခဲ့ကြောင်း သိရသည်။
.
“ကျွန်တော်တို့အသင်းကို ၂၀၁၀ ခုနှစ်မှာ တရားဝင် ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာ ကြုံတွေ့ခဲ့ရတဲ့ မီးလောင်မှု၊ ရေကြီးမှု စတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့နေရာတွေကို သွားရောက်ပြီး ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ဘေးရှောင်စခန်းတွေကိုလည်း သွားရောက်ကူညီပေးခဲ့ပါတယ်”ဟု ချယ်ရီမေတ္တာ ဖောင်ဒေး ရှင်း တွဲဘက်အတွင်းရေးမှူး ဦးကျော်မြင့်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယင်းကဲ့သို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကုသရန်အတွက် မျက်စိ ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာ ဦးကိုကိုတင် ဦးဆောင်သည့် ခွဲစိတ်ဆရာဝန် ၄ ဦး၊ မျက်စိကျွမ်းကျင် ပညာရှင် ဦးသန်းစိုးနှင့် သူနာပြုဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ကုသပေးရန် လိုအပ်သည့် လူနာများကို ကျိုင်းတုံမြို့၊ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မျက်စိစမ်းသပ်ကုသပေးရာသို့ ရောက်ရှိလာသည့် ကျိုင်းတုံဒေသခံ တိုင်းရင်းသားတစ်ဦးက “အခုလို လာရောက်ပြီး လှူဒါန်းပေးတာ ကောင်းပါတယ်။ ချယ်ရီမေတ္တာဖောင်ဒေးရှင်လို ပရဟိတအသင်းတွေ မြန်မာနိုင်ငံမှာ ရှိနေလို့ သာဓုခေါ်ပါတယ်”ဟု ၎င်း၏ သဘောထားအမြင်အား ပြောဆိုခဲ့သည်။
.
ချယ်ရီမေတ္တာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း အစိုးရအခြေခံပညာ ကျောင်းများတွင် လိုအပ် နေသည့် အဆောက်အဦ၊ ပရိဘောဂနှင့် စာရေးကိရိယာများကိုလည်း ထောက်ပံ့လှူဒါန်းပေးလျက်ရှိပြီး အသင်းဝင်အင်အား ၂၅၀ ဦးနှင့် စေတနာရှင်များမှ ထည့်ဝင်လှူဒါန်းသည့် ရန်ပုံငွေများဖြင့် ပရဟိတလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats