လားရှိုးမြို့တွင် ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော်၌ မီးရှုးမီးပန်းနှင့် ဗျောက်များ ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၅ ဦးဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော်၌ မီးရှုးမီးပန်းနှင့် ဗျောက်များ ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၅ ဦးဒဏ်ရာရ


နောင် (မြစ်မခ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကျင်းပသော ရှမ်းနှစ်သစ်ကူးပွဲတော်၌ နှစ်သစ်ကြိုချိန် ဒီဇင်ဘာ ၇ ရက်၊ ညပိုင်းက မီးရှုးမီးပန်းနှင့်ဗျောက်များ မြေကြီးတွင် ပေါက်ကွဲရာမှ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လားရှိုးမြို့တွင်ကျင်းပသော ရှမ်းနှစ်သစ်ကူး ပွဲတော်အတွင်း မီးရှုးမီးပန်းများ၊ ဗျောက်အိုးများပစ်ဖောက်ရာမှ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ဗျောက်ကို မြေကြီးထဲထည့်ဖောက်တော့ မြေကြီးစတွေ မှန်တာပေါ့။ ပွန်းပဲ့၊ သာမန် ဒဏ်ရာတွေပဲ ဖြစ်တာပါ။ အမျိုးသမီး ၅ ဦး ထိခိုက်တာပါ။’’ဟု လားရှိုးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ဒီဇင်ဘာ ၈ ရက်၊ နံနက်(၉) နာရီခွဲခန့်တွင် ပြောသည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ရှမ်းတိုင်းရင်းသားများ လာရောက်ကြပြီး ဒုတိယည ဖြစ်သော နှစ်သစ်ကူးညသည် ပထမညထက် ပိုမိုစည်ကားပြီး ယခုဖြစ်ရပ်သည် ပွဲတော်ကျင်းပရာ စတိတ်စင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မီးရှုးမီးပန်းလွှတ်ကြတာပါ။ နည်းနည်းကြီးတဲ့ မီးရှုးမီးကနေပြီးတော့ ပေါက်ကွဲမှုဖြစ်တာပါ၊ မတော်တဆဖြစ် သွားတာပါ။ လုပ်ကြံမှုတော့ မဟုတ်ပါဘူး။ (၅)ယောက် ဒဏ်ရာရတယ်။ (၄)ယောက်က အတွင်းလူနာအဖြစ် ဆေးရုံပို့ထားတယ်။ တစ်ယောက်ကိုတော့ အိမ်ပြန် ပို့ပေးခဲ့ပါတယ်။’’ဟု ပွဲတွင်ကူညီပေးနေသော ရွှေလှိုင်မေတ္တာ လူမှုကူညီရေးအသင်းမှ ဦးစိုင်းညီညီဟန်က ပြောသည်။
အဆိုပါရှမ်းနှစ်သစ်ကူးပွဲတော်တွင် စတိတ်စင်(၃)ခု၊ ဌာနဆိုင်ရာပြခန်းများ၊ အနယ်နယ်အရပ်ရပ်မှ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ အလွတ်တန်းဘောလုံးပြိုင်ပွဲများ၊ မီးပုံးပျံလွှတ်တင်ခြင်းများ၊ ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats