မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းအတွက်ပံ့ပိုးမှုများရရှိနိုင်ရန်
ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်မှ
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်၊ ဒဿမပုံမှန်အစည်းအဝေးတွင်ကြယ် ပွင့်မပြမေးခွန်းဖြင့်
မေးမြန်းခဲ့ရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဦးစိုးအောင်က သင်တန်းသားများအတွက် ၂ ထပ်တည်းခိုဆောင် ၁ ဆောင်တိုးချဲ့ ဆောက်လုပ်သွားမည်
ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
.
''တာချီလိတ်မြို့အတွက်
လိုအပ်နေတဲ့အရာတစ်ခုကို ကူညီပြီး လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဆေးဖြတ် စခန်းမှာ လူများလာတဲ့အတွက်
တည်းခိုဆောင်တိုးချဲ့ရလာတော့ ရင်ကထက်ပိုအဆင်ပြေတာပေါ့''ဟု ဦးစိုင်းလုံစံခတ်က ပြောသည်။
ယင်းမေးခွန်းအား
အောက်တိုဘာလအတွင်းက စာဖြင့်မေးမြန်းခဲ့သော်လည်း နိုဝင်ဘာလအတွင်းမှ ပြန်စာရရှိခြင်းဖြစ်ကြောင်း
ယင်းပြန်စာတွင် တာချီလိတ် ပြန်လည်ထူထောင်ရေးစခန်းနှင့် ထိစပ်နေသော မယ်ခေါင်ချောင်း
တစ်လျှောက် ခြံစည်းရိုးတွင် ရေထိန်းတမံများ ဆောက်လုပ်ခြင်း၊အခြားသောရေဝင်နိုင်သည့်
ခြံစည်းရိုးနေရာများတွင် ရေတားခြံစည်းရိုးဆောက်လုပ်ခြင်း၊ စခန်းဝင်းနှင့် ထိစပ်နေသော
တံတားနှင့်လမ်းအား မြှင့်တင် ဆောက်လုပ်ခြင်း၊ စခန်းခြံတစ်ခုလုံး၏ မြေမျက်နှာပြင်အား
မြှင့်တင်၍ ကွန်ကရစ်ခင်းခြင်း၊ ကပွဲရုံအဆောက်အဦကို ၂ ထပ် အဆောက်အဦအဖြစ် တိုးချဲ့
ပြင်ဆင်ပြီး အောက်ထပ်တွင် မူးယစ်ပြန်လည်ထူ ထောင်ရေးသင်တန်းများ ပို့ချပေးပြီး အပေါ်ထပ်တွင်
သင်တန်းသား ၃ဝ မှ ၄၅ ဦးခန့် တည်းခိုနေထိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊ ယခုလက်ရှိ သင်တန်းသားအဆောင်အား
ဖျက်သိမ်း၍ ယင်းနေရာတွင် သင်တန်းသား ၆ဝ မှ ၉ဝ ဦးခန့်အထိ တည်းခို နေနိုင်သော ၂ ထပ်သင်တန်းသားတည်းခိုဆောင်အဖြစ်
တိုးချဲ့ဆောက်လုပ်ခြင်း တို့အား လုပ်ငန်းစီမံချက်များအဖြစ် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး
ဘတ်ဂျက်ငွေရရှိမှု၊ အလှူရှင်များနှင့် ဒေသမှပံ့ပိုးမှုများအပေါ်မူတည်ပြီး ဘဏ္ဍာနှစ်အလိုက်
တိုးချဲ့ဆောက်လုပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့်
ပြန်လည် ထူထောင်ရေးသင်တန်းကို သင်တန်းသား ၃ဝ ဦးဖြင့် နိုဝင်ဘာလ ၁၂ ရက် မှ ဒီဇင်ဘာလ
၁၆ ရက်အထိ ရက်ပေါင်း ၃၅ ရက်ကြာ ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပါရှိသည်။
.
တာချီလိတ်မြို့၊
ဝိန်းကျောက်ရပ်ကွက်၊ ပုံလို့လမ်းတွင် တည်ရှိသော အဆိုပါစခန်းနေရာသည် မေလမှ စက်တင်ဘာလအထိ
ရေဝပ်သည့်နေရာဖြစ်နေသည့်အတွက် အဆောက်အဦများ ပြီးစီးမှသာ စခန်းဖွင့် နိုင်မည့်အခြေအနေရှိကြောင်း
ဒေသခံများထံမှ သိရသည်။
.
.
.
#KBZTai
#Shan