အောင်ဆန်းဝင်း
.
.
အာဖရိကတိုက်အတွင်းမှာရှိတဲ့ ဇင်ဘာဘွေနိုင်ငံဟာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ
၁၉၈ဝ မှာ လွတ်မြောက် ပါတယ်။ လွတ်လပ်ရေးရစအချိန်ကနေ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ ဓားမိုးအုပ်ချုပ်မင်းလုပ်ခဲ့တာက
သက်တော်ရှည်သမ္မတဟောင်း ရောဘတ်မူဂါဘီပါ။ သူအုပ်ချုပ်စဉ်ကာလအတွင်းဇင်ဘာဘွေ ပြည်သူတွေရဲ့
လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ ထက် သူ့အာဏာတည်မြဲရေးကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့ပါတယ်။
ဒီလိုအာဏာတည်မြဲအောင် လုပ်တဲ့နေရာမှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံကို
အသုံးပြုပါတယ်။ အာဏာကိုယစ်မူးတဲ့အာဏာရှင်တစ်ယောက်ပီပီ အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက်နှိမ်နင်းမှုတွေ
လုပ်ပါတယ်။ ၂ဝ၁၇ နိုဝင်ဘာ ၂၁ မှာ ဇင်ဘာဘွေပြည်သူတွေဟာ ၃၇ နှစ်ကြာအုပ် ချုပ်ခဲ့တဲ့ အာဏာရှင်
ရောဘတ်မူဂါဘီကို ဖယ်ရှားနိုင်ခဲ့တာ သမိုင်းဝင်ဖြစ်ရပ် တစ်ခုပါ။
အာဏာရှင်မူဂါဘီရဲ့ နှစ်ပေါင်းလေးဆယ်နီးပါး ဖိနှိပ်အုပ်ချုပ်မှုအောက်က
ဇင်ဘာဘွေ ပြည်သူတွေလွတ်မြောက်တာ တစ်နှစ်ကျော်လာ ခဲ့ပါပြီ။ ဆင်းရဲမွဲတေမှုနွံ၊ အောက်ကျနောက်ကျ
နေရတဲ့ဘဝ၊ ရှားပါးတဲ့အခွင့်အလမ်းတွေက ရုန်းထွက်ဖို့အတွက် ဇင်ဘာဘွေပြည်သူတွေဟာ အာဏာရှင်မူဂါဘီကို
ဆန့်ကျင်ခဲ့တာဖြစ်ပါ တယ်။ ရောဘတ်မူဂါဘီ လက်ကနေ အာဏာ လွှဲပြောင်းရယူခဲ့တဲ့ လက်ရှိသမ္မတ
အမ်မာဆန် အမ်နန်ဂါဂွာက သေဆုံးနေတဲ့ နိုင်ငံစီးပွားရေး ကို ပြန်လည်ရှင်သန်အောင်ပြုလုပ်မယ်၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောက်လာအောင် ဆွဲဆောင်မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ
ဖန်တီးပေးမယ်လို့ စည်းရုံးပြီး ဇူလိုင်လအတွင်း က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်
ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဇင်ဘာဘွေ ပြည်သူတွေ မျှော်လင့်သလောက် ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ပြနိုင်ခြင်း
မရှိသေး ပါဘူး။
.
နိုင်ငံတွင်း စားသောက်ကုန် ဈေးနှုန်းက နေ့စဉ်နဲ့အမျှ ဒီရေလိုတက်နေပါတယ်။
ငွေတန် ဖိုးကျဆင်းမှုက တစ်နေ့တစ်ခြားရာခိုင်နှုန်းများ ပြားလာတယ်။ သေဆုံးနေတဲ့ နိုင်ငံ့စီးပွားရေး
ရှင်သန်အောင် လုပ်ပေးမယ် ဆိုတဲ့ကတိစကားက လေထဲဆောက်တဲ့တိုက်အဆင့်။ တည်ငြိမ်မှုမရှိတဲ့
နိုင်ငံရေးအနေအထားကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မလာတဲ့အတွက်
အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးနေဆဲပါပဲ။ ပြုပြင် ပြောင်းလဲမှုဆောင်ရွက်တဲ့နေရာမှာ
အာဏာရှင်ဟောင်းလက်ထက်ခေါက်ရိုးကျိုး အောက်ခြေဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု အားနည်းတာက
အဓိကနှောင့်နှေးစေတဲ့အချက်လို့ ဆိုကြပါတယ်။ ဒီကြားထဲ ဗူးလေးရာဖရုံဆင့်ဆို သလို အမှန်တကယ်
မရှိတဲ့ တစ္ဆေဝန်ထမ်းတွေ ရဲ့ လစာတွေကလည်း ဆင်းရဲမွဲတေတဲ့အစိုးရ တစ်ရပ်အတွက် အကျပ်ရိုက်စေတဲ့အရာတစ်ခုလို့
သုံးသပ်ကြပါတယ်။
.
ဘယ်လိုအကြောင်းတရားကြောင့် ဖြစ်စေ၊ ပြည်သူလူထုအနေနဲ့ အုပ်ချုပ်သူအစိုးရတစ်ရပ်
အပြောင်းအလဲ ဖြစ်အောင်လုပ်တယ်ဆိုတာ အဲဒီအစိုးရရဲ့ အထွေထွေလိုအပ်ချက်ကြောင့်လို့ ကောက်ချက်ချနိုင်မှာ
ဖြစ်ပါတယ်။ အခြေခံ ပြည်သူတွေရဲ့ စားဝတ်နေရေးထိုက်သင့်သ လောက် ချောင်လည်မယ်၊ သင့်တော်တဲ့အလုပ်
နဲ့မျှတတဲ့ လုပ်ခလစာရမယ်၊ နိုင်ငံတစ်ဝှမ်း ပြည်သူအားလုံးစစ်မှန်တဲ့ ငြိမ်းချမ်းမှုရှိမယ်ဆိုရင်
အုပ်ချုပ်သူအစိုးရကိုယ်တိုင် ဆင်းမယ်ဆိုရင် တောင် ပြည်သူက လိုလိုလားလားနေရာဆက် ပေးကြမှာ
ဖြစ်ပါတယ်။ အရာရာဆန့်ကျင်ဘက် ဖြစ်နေမယ်ဆိုရင်တော့ ဓားမိုးအုပ်ချုပ်တဲ့ အာ ဏာရှင်တောင်
နေဝင်မီးငြိမ်းဖြစ်ခဲ့တဲ့ သက်သေ သာဓကတွေ တစ်ပုံကြီးပါ။ ပြည်သူကို မျက်နှာလွှဲ၊ ပြည်သူလူထုလိုအပ်ချက်တစ်ခုမှ
ဖြည့်ဆည်းနိုင်ခြင်းမရှိတဲ့ ဇင်ဘာဘွေသမ္မတ ဟောင်း ရောဘတ်မူဂါဘီက အနီးစပ်ဆုံးဥပမာ တစ်ခုပါ။
.
မြန်မာနိုင်ငံဟာလည်း ဇင်ဘာဘွေနိုင်ငံ နည်းတူ ဗြိတိသျှကိုလိုနီလက်အောက်
နှစ် ပေါင်းတစ်ရာကျော် ကျရောက်ခဲ့တဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုအားလုံး
နိုင်ငံတော်ကို ချစ်တဲ့စိတ်၊ လွတ်လပ်ရေးကို မြတ်နိုးတဲ့စိတ်နဲ့ နယ်ချဲ့အင်္ဂလိပ်ကို စုပေါင်း
တွန်းလှန်ခဲ့လို့ ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ သူ့ ကျွန်ဘဝက လွတ်မြောက်ခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးစကာလအချိန်
မြန်မာနိုင်ငံနဲ့ ပြည် သူတွေရဲ့ အခြေအနေ အဆင့်အတန်းက ကမ္ဘာ့အလယ် လက်ခမောင်းခတ်နေနိုင်ခဲ့ပါတယ်။
အနီး အပါးတိုင်းပြည်တွေက လေးစား အားကျတဲ့ နိုင်ငံနဲ့လူမျိုးဖြစ်ခဲ့တာပါ။ စားဝတ်နေရေးသုံးပါး
အတွက်အခုခေတ်ကာလလို နေ့မီးညမီး အထက်မီး အောက်မီးလောင်မြှိုက်ခြင်းမရှိပါဘူး။ ဆီကို
ရေချိုးဆေးရိုးမီးလှုံစပါးတောင်လိုပုံဆိုတဲ့စကား နဲ့အညီ ရွှေရောင်တောက်ပခဲ့တဲ့တိုင်းနိုင်ငံတစ်
ခုပါ။
.
ကမ္ဘာ့အလယ် ဝင့်ထည်ပြီး အညွှန့်တစ်လူလူ တက်နေတဲ့ နိုင်ငံဟာ တစ်ကိုယ်ကောင်းသမား
အာဏာရှင် တစ်ဦးကြောင့် လှော်ရင်းတက်ကျိုး ဖောင်စီးရင်းရေငတ်ခဲ့ရပါတယ်။ ၁၉၆၂ ဦးနေဝင်း
တိုင်းပြည်အာဏာသိမ်းပြီး တစ်ပါတီ စနစ်နဲ့ တံခါးပိတ်အုပ်ချုပ်ချိန်ကစလို့ မြန်မာ နိုင်ငံနဲ့
ပြည်သူအားလုံးရဲ့ အခြေအနေအရပ်ရပ် က အောက်ဆုံးထိုးကျ ဇီးရိုးဘဝရောက်ခဲ့ပါတယ်။ ပညာရေးအဆင့်အတန်းနိမ့်ကျ၊
လူမှုအဆင့်အတန်းအောက်ကျ၊ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာဆိုတာ ရှုံ့ချအထင်သေးခံရတဲ့ အထိ၊
ပြည်သူတွေ ဆင်းရဲသလောက် ပြည်သူ တွေအောက်ကျသလောက် တစ်မွန်းတည့်တွေက ကိုယ်ချင်းစာနာရကောင်းမှန်း
မသိခဲ့ကြပါဘူး။ လူမသိသူမသိ မွန်းလွဲချိန်ထိ နှစ်ပေါင်းသုံး ဆယ်နီးပါး တောင်ပေါ်မြေပြန့်တိုင်းရင်းသား
တွေကို ဒုက္ခနွံထဲထိုးသွင်းခဲ့တာ တွေးကြည့်တိုင်း အသည်းနာစရာ ကောင်းလှပါတယ်။
.
မခံမရပ်နိုင်လို့ အာဏာရှင်ကို တွန်းလှန်တော့ ရှင်ကြီးထက်ဆိုးတဲ့ကျားတွေလက်ထဲ
ရောက်တယ်။ တစ်ပါတီစနစ်ကို တွန်းလှန်တဲ့ ပြည်သူတွေ ရလိုက်တာ ငရဲတွင်းထဲသက်ဆင်းတဲ့ စစ်အာဏာရှင်စနစ်။
လက်နှစ်လုံးအလိုမှာ အမှန် ကယ်ခဲ့လား၊ မကယ်ခဲ့လားဆိုတာတော့ မပြောတတ်။ တွင်းနှုတ်ခမ်းဝရောက်နေတဲ့
ပြည်သူတွေ တွင်းအောက်ခြေ ရောက်သွားတာတော့ အားလုံးရဲ့ မျက်မြင်ကိုယ်တွေ့၊ ရှင်ကြီး လက်ထွက်
ကျားနဲ့ကပ်ပါးရပ်ဖားအပေါင်းအပါ တစ်စုကတော့ တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဘဏ္ဍာလုပ်ပြီး ကမ္ဘာ့အဆင့်
ပေမီတန်းမီ ဇောတိကကြီး တွေ ဖြစ်ကုန် ကြတယ်။ ဒီကြားထဲနိုင်ငံနဲ့လူမျိုး အတွက် စေတနာတစ်စက်မှ
မရှိတဲ့လူတွေရဲ့ ကြွေးကြော်သံ နားထောင်ရတာလည်း စိတ်ပျက် စရာတစ်ခုပါ။ ဖိနပ်သဲကြိုးတစ်ချောင်းဖြစ်
မြောက်အောင် မလုပ်နိုင်တဲ့ လူတွေက စက်မှုစွမ်းအား ခေတ်ကျော်လွှားတဲ့။
.
အဲဒီနောက်တစ်ဆစ်ချိုးပြောင်းတာက အရပ်ဝတ်နဲ့ ကျပ်မပြည့်တဲ့ ဒီမိုကရေစီအစိုးရ။
မိဘပြည်သူများခင်ဗျားဆိုတဲ့ နောက်ကွယ်မှာ ထူးထူးခြားခြား ပြောင်းလဲမလားစောင့်ကြည့်တယ်။
ရှင်ကြီးနဲ့ကျားတို့လက်ထက် ဆင်းရဲမွဲ တေတဲ့ ပြည်သူတွေဘဝက ဒုံရင်းဒုံရင်း။ တွင်း ထဲက
မတက်နိုင်။ ဆင်းရဲသထက်ဆင်းရဲ။ မွဲသထက်မွဲတယ်ပြောရမလားဘဲ။ တိုင်းပြည်အတွင်း အလုပ်အကိုင်အခွင့်အလမ်းရှားပါး၊
ဝင်ရောက်လုပ်ကိုင်နေတဲ့အလုပ်က မိသားစုစား ဝတ်နေရေးလောက်ငအောင် ဖြေရှင်းပေးနိုင် ခြင်းမရှိ။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ ကိုယ့်ပြည်သူ မျက်နှာမကြည့်တော့ အရွယ်ကောင်းလူငယ်လူရွယ်
သယံဇာတတွေလယ် ပေါင် နွားရောင်းပြီး နိုင်ငံရပ်ခြား တိုင်းတပါး ထွက်ကြတယ်။ လယ်ရှိပြီး
စပါးစိုက်မယ့်တောင် သူမရှိလို့ စိုက်ပျိုးရေးနိုင်ငံက ဆန်ရေစပါးမတန် တဆ ဈေးများတာ
လူကြားလို့တောင်မကောင်း။
.
၂ဝ၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို
ထပ်ဆင့်ချိုး ပြောင်းလဲလိုက်ပါတယ်။ ပြည်သူမျှော်လင့်တဲ့ ခေါင်းဆောင်၊ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်
မယ့်ပါတီ၊ အန်အယ်လ်ဒီပါတီကို ပြည်သူတစ် ရပ်လုံးနီးပါး သောင်ပြိုကမ်းပြိုထောက်ခံမဲပေး
ကြပါတယ်။ လူကို မကြည့်ဘဲ ပါတီကိုကြည့်မဲ ပေးတဲ့အတွက် အန်အယ်လ်ဒီပါတီဟာ အခု ဆိုရင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့တာ
သုံးနှစ် အချိန်ကာလကို ဖြတ်သန်းလာခဲ့ပြီးပါပြီ။ လက် ရှိအစိုးရအနေနဲ့ ပြည်သူရွေးကောက်တင်
မြှောက်တဲ့အစိုးရဆိုပေမယ့် ပြည်သူအတွက် အထောက်အပံ့ကောင်းဖြစ်အောင် လုပ်ပေးနိုင် တဲ့
အစိုးရတစ်ရပ်မဖြစ်သေးတာကိုတော့ တာ ဝန်ရှိသူများ သိလိမ့်မယ်လို့ ယူဆမိပါတယ်။ ဘယ်လောက်ခက်ခဲတဲ့ပုစ္ဆာဖြစ်ပါစေ
အဖြေရ အောင် မထုတ်နိုင်ရင် ရှေ့ခရီးဆက်ဖို့ခက်ခဲ သွားနိုင်တဲ့အနေအထားပါ။
.
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေက လက်ရှိ အန်အယ်လ်ဒီအစိုးရအတွက်
အချက်ပေး ခေါင်းလောင်းသံဆိုရင် မမှားပါဘူး။ လစ်လပ် ၁၃ နေရာမှာ အန်အယ်လ်ဒီ ၇ နေ ရာ အနိုင်ရပြီး
ကျန်တဲ့ ပြိုင်ဘက်တွေက ၆ နေရာအနိုင်ရပါတယ်။ ရာခိုင်နှုန်းအားဖြင့်ကြည့် ရင် အတော်ကျဉ်းမြောင်းတဲ့ရလဒ်လို့
ပြောရမှာ ပါ။ ၂၅ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်တွေသာ ပူး ပေါင်းလိုက်ရင် လွှတ်တော်တွင်း
အန်အယ်လ် ဒီ ပါဝင်မှု အခန်းကဏ္ဍ လျော့နည်းသွားနိုင်လို့ ၂ဝ၂ဝ အတွက် အခုချိန်တည်းက ပြင်ဆင်မှု
ကောင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ အရေးကြီး ဆုံးအချက်က မဲလုံးဝ လာမထည့်တဲ့လူတွေ မဲ ရုံထဲရောက်လာအောင်
စည်းရုံးရပါမယ်။ စစ် မှန်တဲ့ ဒီမိုကရေစီအစိုးရ တစ်ရပ်အဖြစ် ဆက် လက်ရပ်တည်ဖို့နဲ့ ပြည်သူတွေကို
အလုပ်အကျွေးပြုတဲ့ အစိုးရတစ်ရပ် ပီပြင်စေဖို့ လက်ရှိ အစိုးရအနေနဲ့ အခုထက်ပိုအားထုတ်ဖို့
လိုအပ် တယ်လို့ ထင်မြင်မိကြောင်းပါ။ ။
.
.
.
#KBZTai #Shan