လွိုင်လင်တွင် အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ရွာသား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်တွင် အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ရွာသား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူးရွာတွင် ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းလွဲပိုင်းက အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ရွာသား ၅ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
တောင်နောက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ နမ်းဟူးရွာသူကြီးနှင့် အဖွဲ့သည် ကျေးရွာရေရရှိရေးအတွက် သွားရောက် ကြည့်ရှုစဉ် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ပြန်လွှတ်ပေးရန် ကျေးရွာသား များမှ လိုက်ပါသွားစဉ် ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ နန်းဟူးရွာသူကြီး ဦးခွန်ထွန်းဦး၊ ဦးခွန်တခဲ၊ ဦးခွန်တဝင်း၊ ဦးခွန်တမူးနှင့် ဦးခွန်တဆန်း တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် ၁ ဦးမှာ လွိုင်လင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ကျန် ၂ ဦးကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လွိုင်လင်ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တယ်လီဖုန်းလိုင်း ဆက်သွယ်မှု မရရှိခဲ့ချေ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats