စိတ္မွာဒဏ္ရာ သက္လံုးပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စိတ္မွာဒဏ္ရာ သက္လံုးပါ



ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.


,
နမူနာ(၁)
.
''ဟိုကောင်မလေး ညိုတိုတို၊ ငါ့ကိုကြိုက်လို့ ငို၊ နင်ငိုပေမယ့် အလကား၊ ငါ့အမေက မပေးစား။'
.
ကျွန်တော့်ငယ်ဘဝတုန်းက ကာလသားကြီးတွေ သင်ပေး၍အနက်အဓိပ္ပာယ်မသိရှိဘဲနှင့် ဟစ်အော်သီဆိုခဲ့ဖူး၏။ အမှန်ကား မျက်စောင်းထိုးအိမ်မှာ မိညိုဆိုသော ကျွန်တော်နှင့်ရွယ်တူ အသက်လေးနှစ်ကျော် ကလေးမလေးတစ်ဦးရှိသလို၊ သူ့အဒေါ် မညိုဝင်းဆိုသော အသက် ၂ဝ ကျော်ဝန်းကျင် အပျိုမတစ်ဦးလည်းရှိ၏။ ကာလသားကိုလူပျိုတွေက အပျိုမကို စောင်းချိတ်ကျီစားလို၍ ဘာမသိ၊ ညာမသိ ကျွန်တော့်ကို မြှောက်ပင့်ပြီး အော်ဆိုစေခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ် ၆ဝ ကျော်ကာလတုန်းက ယခုခေတ်လို ပွင့်လင်းသော အနေအထားမရှိသေးပါ။ စောင်းချိတ်၍ဖြစ်စေ၊ တည့်ရည်ရွယ်၍ဖြစ်စေ အစအနောက်ခံရလျှင် အမျိုးသမီးများ မဆိုထားနှင့် အမျိုးသားလူပျိုပေါက်တို့ပင်လျှင် အလွန်မတန် ရှက်တတ်သော ခေတ်ဖြစ်ကြောင်း ဖော်ပြရေးသားရသော စာဖတ်သူတို့ အံ့သြကုန်နိုင်ဖွယ်ဟု မှတ်ချက်ပြု လိမ့်မည် သေချာပါ၏ ယခု ပြန်ဆင်ခြင်ကြည့်သောအခါဝယ် ယင်းတူအရီး အညို နှစ်ညိုလုံး ဖော်မမှီး တစ်ကိုယ်တည်းအပျိုကြီးတွေ ဖြစ်ကြကုန်၏။ ကျွန်တော်တို့၏ စနောက်ကျီစယ်မှုအကျိုးဆက်ပေးလော။ သူတို့အပျိုကြီးကံပါလာ၍ ပေလော။ စိတ်ဒဏ်ရာ အရင်းခံကြောင့်ပေလော။ စဉ်းစားစရာ ပဟေဠိအဖြေညှိစရာ ကိစ္စတစ်ခုပင်။
.
နမူနာ(၂)
.
အထက်တွင် ကျွန်တော်တင်ပြခဲ့သောကိစ္စမှာ စစ်ပြီးခေတ်၊ လွတ်လပ်ရေးပြီးစ ပြည်တော်သာခေတ် ၁၉၅ဝ လောက်မှာဖြစ်၏။ ယင်းထက် တစ်ခေတ်စောသော စစ်ကြိုခေတ်ဟု ပြောကြသည့် ၁၉၃ဝ ကျော်ကာလ၌ ပိုဆိုး သေး၏။ ဘွားအေကြီးပြောပြသော ''ပန်းနှင့်ပေါက်ကာ ကျီစယ်၍ မင်္ဂလာပွဲပျက်''ရသည့် အကြောင်းကို ရေးပြရသော ပိုမိုအံ့သြကြပါလိမ့်မည်။ ဖြစ်ပုံက ဤသို့ပါ။ လူကြီးချင်း သမီးပေးသားယူ စိတ်တူကိုယ်မျှ မိသားစုနှစ်စုတို့၏ ရွှေဒင်္ဂါးနှစ်ပြားထပ် မြတ်လှတင့်တယ်လှသော ဂုဏ်သရေရှိတို့ ဝဲချီးမင်္ဂလာပွဲကြီးတစ်ရပ်၌ ဖြစ်ခဲ့ရသော ကိစ္စပါ။ အခါတော်ပေး နတ်ရေးငယ်ရွှေစာ၊ သတို့သား၊ သတို့သမီးတို့ကို ပွဲထုတ်ချိန်တွင် ပြောင်နောက်တတ်သော သတို့သား၏ ငယ်ပေါင်းလုလင်ပျိုတစ်ဦးက အတွဲအမ အခြံအရံနှင့်တကွ မျက်နှာငုံ့မျက်စိကြမ်းပြင်ကော်ဇော၌ စိုက်ကြည့်လျက် ဆင်မယဉ်သာ တစ်လှမ်းချင်းလှမ်းလာနေသော သတို့သမီးငယ်အား နှင်းဆီပန်းတစ်ပွင့်ဖြင့် ပစ်ပေါက်လိုက်၏။ ထိ၏။ လန့်ဖျပ်ပြိုကျမေ့မြောပွဲပျက်တော့၏။ ကျီစယ်သူ တရားစွဲခံရး၏။ ယင်းအဖြစ်အပျက်သည် ထိုစဉ်တုန်းက ပြောမဆုံးပေါင်တဲ့။ သတို့သမီး သီလရှင်ဝတ်သွား၏။ စိတ်ဒဏ်ရာပေလော။
.
နမူနာ(၃)
.
လွန်ခဲ့သော နှစ် ၃၀ ကလ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တုန်းက ဖြစ်ပါသည်။ ကျွန်တော်ဆေးခန်းဖွင့်သော မြို့မရပ်၊ မင်းလမ်းအနောက်ခြမ်းနှင့် မျက်နှာချင်းဆိုင်တွင် စက်ပြင်ဆိုင်တစ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၊ စာအုပ်ဆိုင်၊ စားသောက်ဆိုင်တို့ရှိ၏။ မြို့တော်ရုပ်ရှင်ရုံ၏ အောက်ထပ်သည် ဆိုင်ခန်း တန်းလျားဖြစ်သည်။ ဆိုင်ခန်းတိုင်းတွင် လုပ်သားများခန့်ထားကြသည်။ လွတ်လပ်ရေးရပြီး နှစ်သုံးဆယ်ကျော်ကာလသည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်လို မတူညီတော့ပါ။ လွတ်လပ်ခြင်း၏အရသာကို အားလုံးပင် စိတ်လွတ်ကိုယ်လွတ် ကျင့်သုံးနေထိုင်လာကြသဖြင့် တိုးတက်သည် ဆိုရမည်လား၊ ဆုတ်ယုတ်သွားသည် ဆိုရမည်လား မသိပါပေ။ ကိုယ်ပိုင်လွတ်လွတ်လပ်ခွင့် တိုးတက်လာသည်နှင့်အမျှ စည်းကမ်းတကျ မဟုတ်ဘဲ ဘာသာရေးအဆုံးအမကို ရှေးကလို သိပ်မလိုက်နာကြတော့၍ ယဉ်ကျေးမှု ဆုတ်ယုတ်လာခဲ့ပြီ။ လုပ်သားတို့သည် ပျော်စေပြက်စေ ကလက်စေ သဘောမျိုးဖြင့် ဆိုင်ရှေ့ဖြတ်သွားဖြတ်လာ အမျိုးသမီးလေးများကို အာချောင် စနောက်တတ်ကြ၏။
.
''ဘယ်ညာ ဘယ်ညာ ဘယ်ဘယ် ညာညာ ဘယ်ညာညာ''ခြင်းတောင်းလေးဆွဲ၍ တစ်ဦးတည်း ဣနြေ္ဒရရလျှောက်လှမ်းလာနေသော မိန်းမပျိုတစ်ဦးအား ဝိုင်း၍ ညာသံပေးကာ ကျီစယ်လေတော့ရာ ခြေလှမ်းမှားပြီး ငှက်ပျောခွံကိုတက်နင်းမိတော့၏။ သမံတလင်းကလည်း ပြောင်ချော၊ ငှက်ပျော်ခွံကလည်းချော၊ ခြေလှမ်းကလည်းမှား ရှက်စိတ်နှင့် ခြေလှမ်းလည်းမမှန် အကြောင်းကြောင်းတွေ ပေါင်းဆုံသွားသောအခါ စနောက်ကျီစယ်ခံရသော ယင်း မိန်းမပျိုလေသည် ပက်လက်လန်အရှိန်နှင့် ပစ်လဲကျပါလေရော၊ ခေါင်းဒဏ်ရာကြောင့် ဖြစ်မည်။ မေ့မြောသွား၍ (ရှက်လွန်းတာလည်းပါမည်၊ ဒွေးရော ဥပဒ်ရောပေါ့) ဆေးရုံပို့လိုက်ရသည်။
.
.
နမူနာ(၄)
.
နောက်ထပ် ၃၅ နှစ်ကျော်အကြာ ယခု၂ဝ၁၈ ခုနှစ် သင်္ကြန်ပြီးစတွင် ဖြစ်လိမ့်မည်။ ကျွန်တော့်နေအိမ်နှင့် မျက်စောင်းထိုး လမ်းထောင့်တိုက်အောက်ထပ်သို့ အမျိုးသားဆံသဆိုင်တစ်ဆိုင် လာဖွင့်၏။ ဆံသဆရာ စီနီယာ၊ ဂျူနီယာတွေနှင့် အတူ လက်သင်တပည့်လေးတွေလည်း ရှိကြ၏။ တပည့်လေးတွေက လူလွတ်တွေမို့ ဆိုင်ထပ်ခိုးပေါ်၌ နေကြအိပ်ကြပါသည်။ နံနက်ဆိုင်ဖွင့်ချိန် စောစော၊ ခုနစ်နာရီကျော် မုန့်ဟင်းခါး အထမ်းသမားက သူတို့ဖောက်သည်ဖြစ်သည်။ စားသောက်ရင်း၊ ဖြတ်သွားဖြတ်လာ မိန်းကလေးအလုပ်သမများ စတီးထမင်းချိုင့်တို့ လက်ဆွဲခြင်းငယ်တို့ကိုင်ဆွဲလျက် ဥဒဟိုသွားလာကြပြီး တချို့နှစ်ယောက်တွဲသုံးယောက်တွဲ တစ်ဦးတည်းလည်း သွားလာဖြတ်သန်းနေကြ၏။ အော်ကြီးဟစ်ကျယ် စနောက်ကျီစယ်ကြသည်မှာ နတ်ပွဲပရိသတ်အချင်းချင်းလို သားပြောမယားပြောများတောင်ပါ၏။ အုပ်စုနှင့် မိန်းကလေးတွေက မမှုပေါင်။ ကက်ကက်လန် ပြန်ရန်ထောင်သူရှိ၏။ မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးကုန်၏။
.
နမူနာ(၅)
.
လွန်ခဲ့သည့် သုံးရက်ခန့်ကဖြစ်မည်။ လင်မယားနှစ်ဦးဘာတွေ အခြေအတင်ပြောဆိုနေကြသည်မသိပါ။ မအေလက်ကိုဆွဲလျက် တအီအီငိုနေသော ကလေးမအား ''ညည်း ဘာဂျီကျတာလဲ၊ ရေသောက်ချင်လို့လား၊ ညည်းရေသောက်မလား'' စသည်အသံမာမာဖြင့် မေးမြန်းနေသူ မိခင်၏ ခွန်းတုံစကားကြရသောအခါ ကျွန်တော့်နားကိုပင် ကျွန်တော်မယုံချင်နေပါ။ သားသမီးအပေါ် မိခင်တစ်ဦး၏ စကားသံသည် မိခင်မေတ္တာသံမပါ။ ရန်သူတစ်ဦးအလား သံနေသံထားက ကြားလို့မှမတော်၊ နားဝမှာ ထော်လော် ကန့်လန့်ဖြစ်နေ၏။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ၌ လမ်းဘေးမုန့်ဆိုင်၏ တွဲလွဲချိတ်ဆွဲ သရေစာထုပ်များကို လိုချင်၍လား၊ ရှေ့မှာသွားနေသည့် အရောင်းသမား ရောင်စုံ အရုပ်ပုံစံ အူပေါင်းမိုးပျံတွေကို မျက်စိကျ၍လား၊ တကယ်ပင် ရေဆာ၍လား မသိနိုင်ပါပြီ။ မိဘ နှစ်ဦးမှာလည်း ညစ်ထေးထေးအဝတ်အစား မပြောင်မရောင်ကြောင့် ဘဝမှာ ရုန်းကန်နေရသည့် မိသားစုဖြစ်ကြောင်း သေချာ၏။ ကိုးလလွယ် ဆယ်လဖွား၊ ရင်သွေးအပေါ်ထားသည့် စိတ်အခြေအနေက သိပ်ဟန်မနေပါ။ မလိုချင်ဘဲရလာသည့် သမီးလေး ဖြစ်နေလေရော့သလားဟု ကျွန်တော်ဆက်ပြီးတွေးနေမိ၏။
.
အတွေးမဆုံးလိုက်ရပါ။ ကလေးကိုရိုက်နှက်ပါလေရော''ဟံ ဟာ ကလေးကို ဒီလိုမလုပ်ပါနဲ့၊ သနားပါတယ်။ ချော့မော့ဖျောင်းဖျမှပေါ့ဗျာ''ဟု မနေနိုင် မထိုင်နိုင်ဝင်ပြောမိ၏။ မျက်ထောင့်နီကြီးနှင့် စိုက်အကြည့်ခံလိုက်ရသည်။ တော်ပါသေး၏။ ကျွန်တော့်ကိုပါ ဝင်မတီးသွား၍ စိတ်ညစ်ညူးနေချိန်မို့လား၊ သမီးရင်းမဟုတ်လို့လား တွေးစရာပါ။
.
ခေတ်ကြမ်းလာ
.
အလွန်ယဉ်ကျေးသိမ်မွေ့ပါသည်။ အလွန်ဧည့်ဝတ်ကျေပါသည်။ အပြုံးများနှင့် မြန်မာပြည်၊ ရွှေရောင်လွှမ်းသော မြန်မာပြည်။ ဘုရားစေတီများ၏ မြေ၊ သံဃာဝါဝါတို့၏ မြေစသည်အားဖြင့် ကမ္ဘာမှာ နာမည်ရခဲ့ဖူးသော ကျွန်တော့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနှင့် မြန်မာယဉ်ကျေးမှုတို့ ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန် ပါလိမ့်ဟု ဆက်တွေးနေမိပါသည်။ စီးပွားရေးကျပ်တည်း၊ ငွေရှာရခက်ခဲ၊ စားဝတ်နေရေးအပြေးအလွှား နေ့မီးညမီးဖြင့် မအားနိုင် မနားနိုင်ရှာရသည့် ငွေတွင်းနက်နက်ခေတ်၏ ရောင်ပြန်များပေလား၊ ဆက်တွေးစရာ တွေ အများကြီးရှိနေ၏။ တစ်လတွင် လေးသီတင်းရှိရာ၌ ဆန်း ၈ ရက်၊ ဆုတ် ၈ရက်ကို ဝကွက်လို့ချန်၊ လပြည့်လကွယ်တွေမှာတောင် ကျောင်းကန်ဘုရား မရောက်နိုင်တော့သည့် မျက်မှောက်ခေတ်ကြီးမှာ ဗုဒ္ဓအဆုံးအမတို့နှင့် ဝေးပြီးရင်း ဝေးနေခဲ့ကြလို့များလား။
.
စာသင်ကျောင်းတွေမှာ သင်ခန်းစာပြီးလျှင် သင်ခန်းစာ၊ စာမေးပွဲငယ်ပြီးလျှင် စာမေးပွဲကြီး။ ကျူရှင်ပြီးလျှင် ကျူရှင် စသည်ဇယ်ဆက်သလို စက်ရုပ်လို လှုပ်ရှားနေကြရသဖြင့် ရှေးကလို အတန်းပိုင်ဆရာ၊ ဘာသာရပ်ဆရာတို့ တပည့်များ၏ လိမ္မာရေးခြားရှိဖို့ မသွန်သင် မညွှန်ပြမဆုံးမနိုင်၍များလား။ ကျောင်းစာကြည့်တိုက်ကိုအသုံးပြုဖို့ မညွှန်ကြားနိုင်၊ ပြင်ပစာပေများမဖတ်အားကြ၍ များလား။ လားပေါင်းများစွာ ခေါင်းထဲဝင်လာကြ၏။ အိုင်တီခေတ်ဆိုသည့်အတိုင်း အင်တာနက်တွေ ဖွံ့ဖြိုးလွန်း၊ ဆင်းကဒ်တွေပေါလွန်လွန်း၊ ဟမ်းဆက်တွေကလည်း ကုမ္ပဏီတွေအပြိုင်အဆိုင်ဈေးလျှော့ရောင်းကြ၍ သောင်းဂဏန်းလေးဖြင့် ကိုင်နိုင်ကြ၍များလား၊ သူ့အဆင့်နှင့်သူ၊ သူ့ဝန်းကျင်နှင့် သူအားလုံး ယုတ်လျော့လာကြသည်ကတော့ သေချာနေပါသည်။ ယင်းတို့၏ စနက်များကြောင့် လူ့အသိုင်းအဝိုင်း ယဉ်ကျေးမှုကြီးပြောင်းလဲသွားရ၏။ အကောင်းသို့အပေါင်းလက္ခဏာမဟုတ်။ အဆိုးသို့အနုတ်လက္ခဏာ ဖြစ်နေရသည်က ဆိုးဝါးလှသည်။
.
အိမ်ဖော်ကိုညှဉ်းပန်းနှိပ်စက်ကြ၊ လက်လွန်၍ လူသတ်မှု၊ လူသေမှုတွေဖြစ်ကြရသည်များ နားနှင့်မဆံ့အောင် ကြားရ ဖတ်ရမြင်တွေ့နေရ၏။ ကလိယုဂ်ခေတ်ဆိုသည်အတိုင်းပင် အားလုံးဆုတ်ယုတ်၍သာ လာနေသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် စိုးရွံ့ဖွယ်ပင်။ ပညာတတ်အသိုင်းအဝိုင်းအရာရှိပိုင်းတို့ သူဌေးသူကြွယ် တို့အဆင့်များကပင်လျှင် လူမဆန်သော လုပ်ရပ်များအတွက် မည်သို့နားလည်ရမည်မသိတော့ပါ။ ကျပ်တည်းသည့် ခေတ်ကြီး၌ ရှာရခက်ပြီး အသုံးလွယ် အသုံးမခံငွေတန်ကြေးကျဆင်းလာနေ။ ကုန်ဈေးနှုန်းမြင့်တက်လာနေခြင်းတွေ့လည်း မကောင်းမှုဒုစရိုက်တွေ ထူ ပြောများပြားဖို့ တွန်းအားတွေဖြစ်စေ၏။
.
သမီး လုပ်သူက တောင်းသည့်ငွေမရ၍ အမေကိုလက်လွန်မိ၏။ အရက်နှင့်မူးယစ်ဆေးများကြောင့် သားအဖချင်း၊ ညီအစ်ကိုချင်း၊ လင်မယားချင်း လူသတ်မှုတွေ ဖြစ်ကြ၏။ မည်သို့ကုစားကြမည်နည်း၊ ဘာသာရေး အဆုံးအမတရားဓမ္မ၌သာ အဖြေရှာရပေတော့မည်။
.
ဖဲကြိုးဖြူ
.
အမျိုးသမီးများအပေါ်နှိပ်စက်ညှဉ်းပန်းမှုမပြုရေး၊ အကာအကွယ်ပေးရေး လှုပ်ရှားမှုအဖြစ် ''ဖဲကြိုးဖြူ''နေ့ကို နိုဝင်ဘာလနောက်ဆုံးပတ်ထဲ၌ ကမ္ဘာနှင့်အဝှမ်းကျင်းပနိုင်ရန် သတ်မှတ်ထားပါသည်။ ကျွန်တော်ပထမဆုံး တက်ရောက်သည့် အခမ်းအနားမှာ တောင်ကြီးမြို့၌ ပြုလုပ်သော ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့ဖြစ်၏။ အမှန်မှာ ရှေ့နှစ် ၂ဝ၁၂ ခုနှစ်တုန်းက ပထမအကြိမ်ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကျွန်တော်သည် ကဗျာတစ်ပုဒ်ဖွဲ့၍ လက်ကမ်းဖြန့်ဝေကုသိုလ်ပြုခဲ့ဖူး၏။ စကားလိုင်းဆွေးနွေးပွဲတွင်လည်း ပါဝင် ဆင်နွှဲခဲ့ဖူးပါသည်။ ယင်းအဖွဲ့က ယခုအမှတ်တရစာစောင်လေးထုတ်မည် စီစဉ်နေရာ စာမူတောင်းခံလာ၍ ဤစာမူကိုရေးပေးဖြစ်ခြင်းပါ။
.
ခေတ်ဆိုးကြီး၌ ညှဉ်းပန်းနှိပ်စက်ရုံ မကတော့ဘဲ သတ်ဖြတ်သည်အထိ ခေတ်ကြမ်းလာ၏။ ထိုထိုကြမ်းတမ်းမှု များကို အရိပ်အမြွက်မျှသာ ဖော်ပြပါရစေ။ ဆက်ရေးသင့်သည်ကား ဖဲကြိုးဖြတ်လှုပ်ရှားမှုနှင့် အညီ အမျိုးသမီးများကို မနှိပ်စက်မညှဉ်းပန်းရေးကိစ္စကိုသာ ဇောင်းပေးပါတော့မည်။ နှိပ်စက်ညှဉ်းပန်းမှုတိုင်း၌ ဒဏ်ရာဒဏ်ချက်များ ရရှိစေပါသည်။ သက်ရှိသတ္တဝါတိုင်း၌ ရုပ်ခန္ဓာနှင့်နာမ်ခန္ဓာနှစ်မျိုးရှိ၏။ ရုပ်ခန္ဓာကိုဒဏ်ရာကြီးငယ်ရရှိစေခြင်းသည် မည်သို့မျှမကောင်းစေပါ။ သွေးထွက်သံ
ယိုတော့ဖြစ်စေမည်မှာ သေချာပါ၏။ အဖျင်းဆုံး ပြောရသော် သွေးမထွက် မပေါက်မပြဲခဲ့သည့် တိုင်အောင် ဖူးရောင်ခြင်း၊ ညိုမည်းခြင်းများဖြစ်ပေတော့မည်။ လက်လွန်သွားခဲ့က ကျိုးခြင်း ပဲ့ခြင်းမှသည် အသက်အန္တရာယ် အထိ ရှိသွားနိုင်၊ သေစေနိုင်ပါ၏။ ဒေါသဖြစ်ခြင်း ပြင်းထန်သည့် ဒီဂရီအလိုက်၊ စိတ်ကိုသတိဖြင့် မထိန်းသိမ်း မကွပ်ကဲနိုင်လိုက်၍ လက်လွန်ခြေလွန်၊ လူသတ်မှု၊ လူသေမှုအထိ မရည်ရွယ်ဘဲ ကျူးလွန်မိသွားတတ်ကြ၏။
.
လူကြီးတွေပြောစကားတစ်ရပ်ရှိ၏။ လက်ရောက်မှုကြောင့် ခန္ဓာကိုယ်ပေါ် ရရှိသွားစေသော ဒဏ်ရာကြီးငယ် သည် အချိန်တန်လျှင် ကုစား၍ ပျောက်သွားနိုင်၏။ စိတ်ဒဏ်ရာကြီးငယ်ကိုတော့ မရရှိစေအပ်ပါ။ စိတ်ဒဏ်ရာ အတွက် နှုတ်ထွက်စကားသည် ပဓါနအကျဆုံးဖြစ်၏။ ''ချစ်စေလို ခံတွင်းလက်လေးသစ်၊မုန်းစေလို ခံတွင်းလက်လေးသစ်''စကားအတိုင်း ပါးစပ်ဟပါ။ လက်လေးသစ်ထက် ပိုပြီးကျယ်အောင်မဟနိုင်ကြပါ။ ယင်းနုတ်ခမ်းနှစ်လွှာ ပါးစပ်ပေါက်မှ ထွက်ကျလာသော မခံချင်အောင်စိတ်နာကြည်းအောင် အနိုင်ရယူလိုမှုကြောင့် ပြောဆိုမိသည့် စကားတစ်ခွန်းကြောင့် ပြဿနာကြီးငယ်များ ဖြစ်ပေါ်ကြရပါ၏။ စိတ်နာဒဏ်ရာသည် တစ်သက်လုံးပါရှိသွားတော့သည်။
.
စိတ်ဆိုးသည်အထိတော့ ပြုကောင်းသည်။ စိတ်နာကြည်းသည်အထိ မပြုကောင်းပါဟု ဆရာသမားလူကြီး မိဘများက အမြဲပြောဆို ဆုံးမတတ်ကြသည်။ အမှန်ကတော့ စိတ်ဆိုးစိတ်နာဘယ်ဟာမှ မပြုလုပ်မိက အကောင်းအဆိုးဖြစ်ပါသည်။ မေတ္တာရှေးရှု စေတနာအထူးပြုပြီး မုဒိတာပွားများနိုင်ပါက မည်သည့်ပြဿနာကြီးငယ်မှ မဖြစ်နိုင်သောပေ။ ဤသို့ဖြစ်ရန် တရားဓမ္မလိုက်စားဖို့၊ စာများများ ဖတ်ဖို့နှင့် ကမ္မဋ္ဌာန်း စီးဖြန်းဖို့လို၏။ ဘာဝနာ၊ ဝိပတ်သနာ ကျင့်ကြံအားထုတ်နိုင် ပွားများနိုင်ပါမှ စိတ်ဆင်ရိုင်းကို ထိန်းကွပ် နိုင်ပါမည်။ ဆင်တို့ ထိန်းချုပ်ရန် ချွန်းကိုအသုံးပြုရဘိ သကဲ့သို့ စိတ်ဆင်ရိုင်းကိုလည်း တရားဓမ္မသတိချွန်းဖြင့် ထိန်းကွပ်ကြရပါလိမ့်မည်။ ကြောင်းကျိုးမည်မျှ ရှည်ရှည်ဝေးဝေးကြီးရှင်းလင်းရေးသား ဖော်ပြခဲ့ပါသော်ငြားလည်း လိုရင်းတိုရှင်း အနှစ်ချုပ်၍ တစ်ခွန်းတည်းဖော်ပြပါဟု အရေးဆိုလာခဲ့သော် ''ကိုယ်ချင်းစာတရား လက်ကိုင်ထား၊ သတိတရားအမြဲဆောင်အိုတောင်မှ ပြဿနာကြီးငယ်မဖြစ်နိုင်''ဟု ရေးသားဖော်ပြပေးချင်ပါသည်။ စာဖတ်သည်။
.
ကြိုက်သည်ဆိုသည့်အဆင့်ကို လွန်မြောက်၊လိုက်နာကျင့်သုံးသည်အထိ ကြိုးစားဆောင်ရွက်ကြပါလေဟု အထူးမှာကြားရေးသားလိုပါ၏။ စာသိထက် ကိုယ်ကျင့်ရှိ၊ သတိကပ်ထားရေးသာ ပဓာနဖြစ်ပါကြောင်း။ ဖဲကြိုးဖြူအဖွဲ့သားများ ရည်မှန်းချက်အောင်မြင့်ကြပါစေသတည်း။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats