ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏
အထင်ကရ ပွဲတော်ဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင် ပွဲတော်ကို လာမည့်နိုဝင်ဘာလ
အတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ အဆိုပါ ပွဲတော်ကာလအတွင်း ပွဲတော်လာ ပရိသတ်များ
အဆင်ပြေ ချောမွေ့စေရန်နှင့် မလိုလားအပ်သည့် အကျင့်ပျက်ခြစားမှုမျိုး မဖြစ်ပေါ်စေရန်အတွက်
VIP နှင့် VIPP ယာဉ်ဝင်ခွင့် လက်မှတ်များကို အရေအတွက် အကန့်အသတ်ဖြင့် လိုအပ်သလောက်သာ
စိစစ်ချထားပေးရန် လိုအပ်သည်ဟု တောင်ကြီးဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
''VIP, VVIP ယာဉ်ဝင်ခွင့်တွေက
ရှိတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ပဲ ရှိသင့်ပါတယ်။ နှစ်စဉ် နှစ်တိုင်း မီးပုံးပျံကွင်းမှာ
VIP ဆိုတာတွေနဲ့ပဲ နေရာ ပြည့်နေတယ်။ ပြည်သူအတွက် နေရာ မပါဘူး ဖြစ်နေတယ်။ သက်ဆိုင်ရာ
တာဝန်ရှိတဲ့ အကြီးအကဲတွေ အတွက်ကတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ အရေအတွက် များနေပါတယ်။ အဲဒီလို
အရေအတွက် ဖောင်းပွနေတဲ့အတွက် အရင်နှစ်က ဆိုရင် ဈေးရောင်းတဲ့ ယာဉ်တွေကအစ VVIP လက်မှတ်မျိုးတွေနဲ့
ဝင်လာတာကို တွေ့ရပါတယ်'' ဟု တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ကိုဝင်းနိုင်စိုးက ပြောသည်။
.
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းအား ဆက်သွယ်မေးမြန်းရာ ''ယာဉ်ဝင်ခွင့်ကတော့
ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကပဲ ကိုင်တာဖြစ်ပါတယ်။ အရင်နှစ်ကတော့ ရိုးရိုး
VIP နဲ့ VVIP ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီနှစ်တော့ သူတို့ ဘယ်လို သတ်မှတ်မယ်ဆိုတာ မသိပါဘူး။
ပြီးခဲ့တဲ့ အစည်းအဝေးတုန်းကတော့ သူတို့တင်ပြလာတဲ့ ယာဉ်ဝင်ခွင့် အရေအတွက်က များနေတဲ့အတွက်
ပြန်လည် စိစစ်ဖို့ဆိုပြီး ပြောထားတာ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
.
သို့ဖြစ်၍ ရှမ်းပြည်နယ်အစိုးရ
အဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးအား တယ်လီဖုန်း
ဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။
.
'' VIP ဆိုတာ ဝါယာလက်နဲ့
ယာဉ်တန်းနဲ့ လုံခြုံရေးနဲ့ သွားတာပါ။ အဲဒါကို ယာဉ်ဝင်ခွင့် လိုသေးလို့ လား။ VIP ဆိုတာကို
ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်တာလဲ။ ဘာကြောင့် ဆက်ထားနေတာလဲပေါ့နော်။ အရင် ခေတ်တွေတုန်းကတော့
လုပ်ချင်ရာ လုပ်တဲ့ခေတ်တွေဆိုတော့ ထားလိုက်တော့။ အခုက ခေတ် ပြောင်းနေပြီ။ အဲဒီလူတွေနဲ့
သာမန်ပြည်သူ ဘယ်သူ့ကို ဦးစားပေးမှာလဲ။ ပြောချင်တာက အကြီးအကဲတွေကတော့ သူ့ရဲ့ အဆောင်အယောင်ကိုတော့
ယူရမှာပေါ့။ ဒါပေမဲ့ အကြီးအကဲတွေမှာ၊ အစိုးရကားတွေမှာ
ယာဉ်ဝင်ခွင့် တပ်ဖို့ လိုလို့လား။ တကယ်ရော အသုံးပြုနေလို့လား။ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့
ကားကို လုံခြုံရေးအဖွဲ့တွေက အကုန်သိပါတယ်။ အိမ်တော်ကနေ ထွက်ကတည်းကိုက သူတို့ သိပြီးသားပါ။
ဒီ VIP ဝင်ခွင့်က ဘယ်သူတွေအတွက် လုပ်နေတာလဲ။ ပွဲတော်ကာလမှာ ကြည့်လိုက် အဲဒီ VIP ကားတွေရဲ့
ပိုင်ရှင်တွေက ဘယ်လိုကားတွေလဲ ဆိုတာလည်း သိသာပါတယ်။
VVIP ကားဆိုရင် မှန်ဆောင်ရှေ့မှာ ရပ်ကြတာ။ ကြည့်လိုက်ပါ ဘယ်သူတွေလဲ ဆိုတာကိုပေါ့။ မီဒီယာတွေကလည်း
ဖော်ထုတ်ပြီး ရေးပေးပါလို့ ပြောချင်ပါတယ်။ မဖြစ်မနေ အသုံးပြုမယ် ဆိုရင်တောင် ကျန်တဲ့
ဌာနဆိုင်ရာ အကြီးအကဲတွေ ရဲ့ အရေအတွက်အတိုင်း အတိအကျ လုပ်ပြီး သူတို့စီးတဲ့ ကားမှာပဲ
အသုံးပြုပေါ့။ ဌာနဆိုင်ရာ အကြီးအကဲ အယောက် ၁ဝဝ ရှိရင် အစောင် ၁ဝဝ ပဲထုတ်၊ အကြီးအကဲ
မဟုတ်ဘဲ အသုံးပြုတာတွေ့ရင် ထုတ်ပေးတဲ့သူကို အရေးယူတာမျိုးတွေ လုပ်စေချင်တယ်။ သာမန်ပြည်သူကိုပဲ
မျက်နှာမူရမှာပါ။ မီဒီယာတွေမှာလည်း တာဝန်ရှိပါတယ်။ ဘက်မလိုက်နဲ့ပေါ့ဗျာ'' ဟု တောင်ကြီးမြို့နေ
ဒေသခံတစ်ဦးကလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ယာဉ်ဝင်ခွင့်နဲ့ ပတ်သက် ၍ ပြောဆိုခဲ့သည်။
.
အလားတူ တောင်ကြီးဒေသခံ
တစ်ဦးဖြစ်သူ ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးကလည်း ''ယာဉ်ဝင်ခွင့်ကတော့
ရှိတော့ ရှိသင့်ပါတယ်။ အဲဒီလိုမှ ယာဉ်ဝင်ခွင့် မရှိရင်လည်း တာဝန်ရှိသူတွေက ကွင်းထဲကို
ဝင်ဖို့ တော်တော်လေး ခက်ခဲမှာပါ။ ဒါပေမဲ့ VVIP ဆိုတာကတော့ မရှိသင့်ဘူးလို့ ထင်တာပဲ။
VIP လောက်သာဆိုရင် လုံလောက်ပါပြီ။ နောက်ဆုံး ဒီ VVIP ယာဉ်ဝင်ခွင့်တွေက တချို့ ပိုက်ဆံနဲ့
ပေးဝယ်တာမျိုးတွေ ရှိလာပါတယ်။ ဒါကလည်း အကျင့်ပျက် ခြစားမှု တစ်မျိုးပါပဲ''ဟု ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်
ကာလအတွင်း ယာဉ်ဝင်ခွင့်အနေဖြင့် ရိုးရိုး ယာဉ်ဝင်ခွင့် အစောင် ၄ဝဝ၊ VIP ယာဉ်ဝင်ခွင့်
အစောင် ၃ဝဝ၊ VVIP ယာဉ်ဝင်ခွင့် အစောင် ၁၂ဝ နှင့် မော်တော်ဆိုင်ကယ်ယာဉ်ဝင်ခွင့် အစောင်
၂၅ဝ ထုတ်ပေးထားခဲ့ပြီး VIP ယာဉ်ဝင်ခွင့် လက်မှတ်ဖြင့် ဈေးရောင်းချသည့် မော်တော်ယာဉ်များ
ရှိခဲ့သည့်အတွက် တောင်ကြီး ဒေသခံများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။