တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံကွင်းဧရိယာအတွင်းမှ ကျူးကျော်ပျံကျ ဈေးသည်များအား ဖယ်ရှား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံကွင်းဧရိယာအတွင်းမှ ကျူးကျော်ပျံကျ ဈေးသည်များအား ဖယ်ရှား


တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်ရာနေရာဖြစ်သည့် အဝေရာ မီးပုံးပျံကွင်း ဧရိယာအတွင်း၌ ဈေးရောင်းချနေသော ကျူးကျော်ပျံကျ ဈေးသည်များအား ယနေ့ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဖယ်ရှားရှင်းလင်းခံရသည့် ကျူးကျော်ပျံကျ ဈေးသည် ၁၂ ဦးရှိပြီး သတ်မှတ်နေရာတွင် ဈေးရောင်းချခြင်း မရှိသော ကျူးကျော်ပျံကျဈေးသည်များကို ပွဲတော်ကျင်းပပြီးစီးသည်အထိ ဖယ်ရှား ရှင်းလင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.

'' ပွဲတော်ကာလအတွင်းမှာ အများပြည်သူအတွက် မီးဘေးအန္တရယ် မကျရောက်စေဖို့နဲ့ မီးပုံးပျံလွှတ်တင်တဲ့အခါမှာ ပျက်ကျတယ်ဆိုလို့ ရှိရင် မီးသတ်ကားတွေ ဝင်ထွက်သွားလာရန် အဆင်ပြေနိုင်ဖို့အတွက် စနစ်တကျနဲ့ ဆိုင်ခန်းနေရာတွေကို သက်ဆိုင်ရာ ကန်ထရိုက်တွေကို ပေးထားပါတယ်။ ပျံကျဈေးသည်တွေအတွက် နေရာတွေကိုလည်း ဒီနှစ်မှာ သတ်သတ် မှတ်မှတ်နဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ အဲဒီလိုဆောင်ရွက်ပေးတဲ့အပေါ်မှာ ဆိုင်ခန်းကို မရယူဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်ပြီး အများပြည်သူတွေ မီးပုံးပျံ လာရောက်ကြည့်ရှုဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ လာရောက်ရောင်းချနေတာ နှစ်စဉ်နှစ်တိုင်း တွေ့နေရပါတယ်။ အဲဒီလို ရောင်းချနေတဲ့အတွက် ကားအဝင်အထွက် မဆင်မပြေပါဘူး အဲဒါကြောင့် ဒီနှစ်မှာ အဲဒီလို မဖြစ်စေဖို့အတွက် အခုလို သိမ်းယူသွားမှာဖြစ်ပါတယ်'' ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.

အဆိုပါ စည်းကမ်းမဲ့ တရားမဝင် ကျူးကျော်ဈေးရောင်းချသူများကြောင့် ပွဲတော်ကာလအတွင်း၌ မီးဘေးအန္တရယ် ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ ဝင်ထွက်သွားလာရန် မလွယ်ကူသည့်အတွက် နိုဝင်ဘာလ ၆ ရက်မှ စတင်၍ ဈေးမရောင်းချရန် ညွှန်ကြားထားပြီးဖြစ်ကာ ပွဲတော်ကာလပြီးဆုံးသည်အထိ ပူးပေါင်းအဖွဲ့ ၁၁ ဖွဲ့ဖြင့် ရှင်းလင်းဖယ် ရှားသွားမည် ဖြစ်ကြောင်းနှင့် နိုဝင်ဘာ လ ၈ ရက်ကလည်း ဈေးဆိုင်ခန်း ၁ ခန်းနှင့် ကွမ်းယာဆိုင် ၁ ဆိုင်တို့ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။
.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဆိုင်ခန်းနှင့် အထွေထွေကန်ထရိုက် လေလံများကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ငွေကျပ် ၃၄၃၆ ဒသမ ၃ သိန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ပျံကျ ဈေးသည်များအတွက်ကိုလည်း သီးခြားနေရာ တစ်ခု သတ်မှတ်ထားပေးကာ ရောင်းချစေလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats