မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊
ဈေးကုန်းကျေးရွာနှင့် မြင်းမထိကျေးရွာတို့တွင် ချဲထီ ရောင်းချနေသူများအား သက်သေခံ
ပစ္စည်းများနှင့်အတူ တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးဌာနနှင့် နယ်မြေခံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက
နိုဝင်ဘာလ ၁ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.
" သတင်းအရ ပူးပေါင်းအဖွဲ့နဲ့ ဖမ်းတာပါ၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့နဲ့
သက်သေများ ပါပါတယ်၊ ဖမ်းဆီးရမိသူတွေကို အမှုဖွင့်ပြီး တရားရုံးစွဲတင်သွားဖို့လုပ်ဆောင်နေပါတယ်"
ဟု ကလောမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်ကျော်က ပြောသည်။
.
ရဲတပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ မြင်းမထိကျေးရွာအုပ်စု၊
ဈေးကုန်းကျေးရွာနေ စိုင်းဇေယျာမင်း ခေါ် ကြွက်နီ၏ နေအိမ်နှင့် မြင်းမထိကျေးရွာမှ ဦးစိန်အောင်မင်း၏
နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ချဲထီလောင်းကစားနှင့်
ပတ်သက်သော နံပါတ်ပါ စာအုပ်များ၊ ချဲထီရောင်းချရာတွင် အသုံးပြုသည့် ဖြတ်ပိုင်းများ၊
လယ်ဂျာစာရွက်များ ချဲထီရောင်းချရငွေများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမ၀င် ချဲထီလောင်းကစား ပြုလုပ်နေသည့် ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိသူ မနုနုအေး၊ (၁၇)နှစ်ကို ကလောမြို့မရဲစခန်းမှ (ပ)၁၃၀/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ
၁၅(က)/၁၆(က)ဖြင့် လည်းကောင်း၊ စိုင်းဇေယျာမင်း (ခေါ်) ကြွက်နီ၊ (၂၉)နှစ်အား ကလောမြို့မရဲစခန်းမှ
(ပ)၁၃၁/၂၀၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် လည်းကောင်း အမှုဖွင့်၍ ဖမ်းဆီးအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။