ကြားဖြတ်ရွေးကောက်ပွဲ လဲချား ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် SNLD မှ အနိုင်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကြားဖြတ်ရွေးကောက်ပွဲ လဲချား ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် SNLD မှ အနိုင်ရ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ပြုလုပ်သည့် နိုဝင်ဘာလ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုရေစီအဖွဲ့ချုပ်(SNLD) က အနိုင်ရရှိသွားကြောင်း လဲချားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲစာရင်းများအရ သိရသည်။
.
မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၉ ခုရှိ မဲရုံပေါင်း  ၃၆ ရုံတွင် မဲလာရောက်ပေးသူ ဦးရေ ၁၁၁၇၆ ကျော်နှင့် ကြိုတင်မဲများ အနက် ခိုင်လုံမဲ အရေအတွက် ၈၅၅၀ ဖြင့် SNLD ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ  စိုင်းဥက္ကာက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
.
" မဲ လာထည့်ပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ကျေလဲ ကျေနပ်ပါတယ်။ ဒီလို အနိုင်ရခြင်းဟာ ကျွန်တော့်အတွက်သာ မကပါဘူး၊ လဲချား အနိုင်ရတာပါ၊ မဲပေးပိုင်ခွင့် ရှိသူ အားလုံး အနိုင်ရတာပါ၊ SNLD ပါတီရဲ့ အောင်နိုင်ခြင်းပါ။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ဒေသအတွက် အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု စိုင်းဥက္ကာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဆန္ဒမဲ လာပေးသူ နည်းပါးရခြင်းမှာ မိုးသည်းထန်ပြီးမှ နေသာ လာရခြင်းနှင့် ပြောင်းချိုးချိန်၊ လယ်ယာ လုပ်ငန်းခွင်အချိန်နှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်းကိုလည်း  ၄င်းက သုံးသပ် ပြောဆိုသည်။
.
အဆိုပါ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ စိုင်းရွှေဆိုင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်းဥက္ကာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ စိုင်းအောင်ထွန်းလေးတို့က ပါဝင် ယှဉ်ပြိုင် အရွေးခံခဲ့ကြခြင်းဖြစ်ပြီး စိုင်းဥက္ကာက ခိုင်လုံမဲ ၈၅၅၀ မဲ၊ စိုင်းရွေဆိုင်းက ခိုင်လုံမဲ ၁၆၁၃ မဲ၊ စိုင်းအောင်ထွန်းလေးက ခိုင်လုံမဲ ၁၀၂၃ မဲ ရရှိခဲ့ကြကြောင်း သိရသည်။
.
ယခင် ရွေးကောက်ပွဲ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လဲချားမြို့နယ် မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၃၉၀၀၀ ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းကျော်က မဲရုံများသို့ ဆန္ဒမဲလာရောက် ပေးခဲ့ကြပြီး ယခုတွင် ဆန္ဒမဲ ပေးခွင့်ရှိသူ ၃၉၃၂၁ ဦးတွင် ဆန္ဒမဲလာရောက် ပေးသူဦးရေ ၁၁၁၇၆ ကျော်ခန့်သာ ရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၄၂ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။
.

ယခု ပြုလုပ်သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအား ၀င်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၂၄ ပါတီ၊ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၇ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉ ဦး ရှိခဲ့ပြီး ပြည်သူ့လွှတ်တော်အတွက်  ၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် ၅ နေရာ ဖြစ်ကာ ဆန္ဒမဲပေးခွင့် ရှိသူအရေအတွက် ၈ သိန်းကျော်ရှိကြောင်း သိရသည်။
.
ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ လစ်လပ်မဲဆန္ဒနယ်များအနက် NLD ပါတီမှ ၇ နေရာ၊ USDP ပါတီမှ ၃ နေရာ၊  SNLD ပါတီမှ ၁ နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီပါတီမှ ၁ နေရာ၊ တစ်သီးပုဂ္ဂလမှ ၁ နေရာ အသီးသီး အနိုင် ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats