မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
.
မြန်မာနိုင်ငံ၏
ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင် ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်ရှိ ရွှေဥမင်လိုဏ်ဂူကို ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာလ ၂၁
ရက်က ကျင်းပပြုလုပ် ခဲ့သည့် (၆) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆေးလိပ်ငွေ့ကင်းစင်
မြို့တော်များညီလာခံမှ SEATCA Smoke Free Award ဆု ချီးမြှင့်ခံရပြီး အဆိုပါလှုပ်ရှားမှုအတွက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယပြည်နယ်မှူး ဆရာဝန်ကြီးဒေါက်တာ
စိုင်းဝင်းဇော်လှိုင်တို့ ဆုရရှိခဲ့ကြောင်း ပင်းတယ မီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်ထံမှ
သိရသည်။
“Smoke
Free ဖြစ်ဖို့ ပင်းတယပရဟိတကွန်ရက်ကနေ ၂ဝ၁၅ ခုနှစ်မှာ စပြီးလုပ်ခဲ့တာပါ။ အပတ်စဉ်တိုင်း
၂ ရက်ကို ပင်းတယရွှေဥမင်ဂူကို လာတဲ့ ဘုရားဖူးတွေကို ဆေးလိပ်မသောက်ဖို့ မေတ္တာရပ်ခံတာပေါ့။
ဒီလိုမျိုး ၂ နှစ် ကျော်လောက် လုပ်ခဲ့ပါတယ်။ ၁ နှစ်လောက်မှာ ဘုရားပေါ်မှာ ဆေးလိပ်သောက်သုံးမှု
ကင်းစင်လာ ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ ရွှေဥမင်လိုဏ်ဂူကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်
နယ်မြေ အဖြစ် ကြေညာလိုက်နိုင်ပါတယ်။ အဲဒီ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို မြို့ရဲ့ တခြားနေရာတွေမှာလည်း
ဆက်လက်လုပ်ဆောင်နေပါတယ်။ အခုလို ဆုရအောင် ဆောင်ရွက်တဲ့ နေရာမှာဦးဆောင်ပံ့ပိုး ကူညီခဲ့ကြတဲ့
ပင်းတယပရဟိတ ကွန်ရက်အဖွဲ့ဝင်တွေ၊ ရွှေဥမင်ဘုရားဂေါပကအဖွဲ့တွေ၊ ပြည်နယ်ကျန်းမာရေးဌာနမှူးနဲ့
အဖွဲ့တွေ၊ မြို့မိမြို့ဖတွေနဲ့ ပင်းတယသူ၊ ပင်းတယသားများကိုလည်း ကျေးဇူးတင်ပါတယ်''ဟု
ဒေါက်တာ သန်းမင်းထွဋ်က ပြောသည်။
.
အဆိုပါ ဆေးလိပ်ငွေ့ကင်းစင်ဒေသ
ဖြစ်ပေါ်လာစေရန်အတွက် ပင်းတယပရဟိတကွန်ရက်ဖြင့် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှ ၂ဝ၁၇
ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်အထိ ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ် ဥက္ကဌအဖြစ် ဦးဆောင်ခဲ့သည့်
ပရဟိတအဖွဲ့ ၂ဝ မှ ၂၂ လကျော် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အခြားနေရာများတွင်လည်း
ဆေးလိပ်ငွေ့ကင်းစင်ရေး လှုပ်ရှားမှုကို ပိုမိုအားမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.
အဆိုပါဆုကို
နိုဝင်ဘာလ ၂၁ ရက်က ဗီယက်နမ်နိုင်ငံ၊ ဟွိုင်အမ်းမြို့တွင် ပြုလုပ်သည့် (၆) ကြိမ်မြောက်
ဆေးလိပ်ငွေ့ကင်းစင် လှုံ့ဆော်မှုများ ညီလာခံမှ ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရွှေဥမင်လိုဏ်ဂူနှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ရှမ်းပြည်နယ်ပြည်သူ့
ကျန်းမာရေးဌာနမှ ဒုတိယပြည်နယ်မှူးဆရာဝန်ကြီး ဒေါက်တာစိုင်းဝင်းဇော်လှိုင်တို့ ရရှိခဲ့သဖြင့်
မြန်မာနိုင်ငံမှ ဆု ၃ ဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဒုတိယပြည်နယ်မှူး ဆရာဝန်ကြီး ဒေါက်တာစိုင်းဝင်းဇော်လှိုင်တို့သည်
အာဆီယံနိုင်ငံများမှ ကျင်းပသည့် အစည်းအဝေးများတွင် ဆေးလိပ်ငွေ့ ကင်းစင်ဒေသအဖြစ် ပင်းတယမြို့ကို
ရွေးချယ်၍ အမည်စာရင်းတင်သွင်းခဲ့ကြကာ ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြသဖြင့်
ဆုများကိုရရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan