တပ်ချုပ်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို PNO နာယက ဦးအောင်ခမ်းထီ သွားရောက် တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်ချုပ်နှင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို PNO နာယက ဦးအောင်ခမ်းထီ သွားရောက် တွေ့ဆုံ



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီသည် နိုဝင်ဘာလ ၂၈ ရက်တွင် နေပြည်တော်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
.
.
“ကာချုပ်ဟောင်းကြီး ဦးသန်းရွှေနဲ့ သွားတာကလည်း အလုပ်ကိစ္စမပါဘူး။ အဖေအနေနဲ့ကလည်း သူ့ရဲ့  ဆရာသမားတွေလိုပဲ ခံယူတယ်။ အရင်တုန်းကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ဖြစ်တယ်။ အဖေ နေပြည်တော်ရောက်နေတဲ့အချိန် ရောက်တုန်းရောက်ခိုက် ဂါရဝပြုတယ်။ နေကောင်းလား၊ ကျန်းမာလား ဒီလောက်ပါပဲ။ နောက်အဖေက ပအိုဝ်းဒေသကိုလည်း အလည်လာဖို့ ဖိတ်ခေါ်တယ်။ ကက္ကူဘုရားကိုလည်း လာပြီးတော့ ဖူးမြော်ဖို့ ပြောတယ်။ ဒေသရဲ့  အနေအထားကိုကြည့်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အကြံပြုပေးပါ လို့ပြောပါတယ်။  ကာချုပ်ဟောင်းကြီးကလည်း ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ပြောတယ်။ တခြားဒေသတွေနဲ့ တန်းတူဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဖို့ ပြောတယ်။ နောက် ပညာရေးကို အားပေးကြပါ။ ကိုယ့်ရဲ့  နောင်လာနောင်သားတွေအတွက် ပညာရေးရန်ပုံငွေတွေ ထောင်ပြီးတော့ လုပ်ဖို့ အဓိက ပြောတယ်။ လက်ရှိ တပ်ချုပ်ကြီးနဲ့ကတော့ ပုံမှန်သွားရောက် တွေ့ဆုံတာပါပဲ။ တခြားဘာကိစ္စမှတော့ ထူးထူးခြားခြား မရှိပါဘူး ” ဟု ဦးအောင်ခမ်းထီ၏သား ဖြစ်သူ ဦးခွန်အောင်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဦးအောင်ခမ်းထီသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယခုအခါ ပအိုဝ်းဒေသသည် တည်ငြိမ်အေးချမ်းနေပြီး PNO ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ကြောင်း၊ နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေး သာမက ဒေသဖွံ့ဖြိုးရေး ကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာတတ်များ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန် ပြောကြားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂၈ ရက်၌ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်
.
ထို့အပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တတ်နိုင်သည့်ဘက်က ကူညီဆောင်ရွက် ပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
.
ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည့် အဖွဲ့ ဖြစ်ပြီး တပ်မတော်နှင့် ဆက်ဆံ ရေးကောင်းရှိကာ နိုဝင်ဘာ ၁၄ ရက်က တောင်ကြီးမြို့၌ ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲတွင် PNO ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား အများအပြား ပါဝင်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats