ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဝါရင့် တိုင်းရင်သားနိုင်ငံရေးသမားများ ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဝါရင့် တိုင်းရင်သားနိုင်ငံရေးသမားများ ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ငြိမ်းချမ်းရေးကော်မရှင် (PC)သည် နိုဝင်ဘာလ ၁၆၊ ၁၇ ရက်များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့အပြင် ဝါရင့်တိုင်းရင်းသား နိုင်ငံရေးသမားများနှင့် တွေ့ဆုံခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့ဝင်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးဖြစ်သူ ဦးလှမောင်ရွှေထံက သိရသည်။
.
.
ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ RCSS/SSA မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ခေါင်းဆောင်သည့် အဖွဲ့တို့ ချင်းမိုင်မြို့၊ ကမ်းမွန်လာလားဟိုတယ်တွင် နိုဝင်ဘာလ ၁၆ ရက်၊ နေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ဆိုသည်။
.
“လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေ အလွတ်သဘော ပြန်သုံးသပ်ကြတာပါ/ ညစာစားပွဲမှာလည်း အားလုံးခင်ခင်မင်မင် ရင်းရင်းနှီးနှီးပြောကြပါတယ်”ဟု ဦးလှမောင်ရွှေက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါတွေ့ဆုံပွဲ၌ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ PC အကြံပေးအဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှုးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦးတို့ တက်ရောက် ခဲ့ကြပြီး RCSS/SSA မှ ဗိုလ်ချုပ်ကြီးရွက်ဆစ်၊၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စိုင်းပေါင်းခေး၊ အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒုဗိုလ်မှူးကြီး စိုင်းမိန်း တို့ရောက်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ များက နေပြည်တော်၌ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ သီးခြားတွေ့ဆုံများမှ တစ်ခုတည်းသော တပ်မတော် ထားရှိရေး၊ ခွဲမတွက်ရ ဟူသည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လည်း ရပ်ဆိုင်းသွားကြောင်း၊ ယင်းတွေ့ဆုံမှုများအပြီးတွင် RCSS မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ အဆင့်ဆင့်၏ အစည်းအဝေးများနှင့်ပတ်သက်၍ တက်ရောက်နိုင်မှု ရှိ/မရှိကို ဗဟိုအမှုဆောင်လုပ်ငန်းကော်မတီ အဆင့်ဆင့်အစည်းအဝေးပြုလုပ်ပြီးမှသာလျှင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ကြေညာချက်ထုတ်ပြန် ခဲ့ပြီးနောက် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ အဆင်ပြေစွာ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ယခုလို အလွတ်သဘောဆွေးနွေးရခြင်းဖြစ်သည်ဟု သိရှိရသည်။
.
“၀ါရင့်တိုင်းရင်းသားနိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးဟန်ယောင်ဝေ၊ ဦးခွန်ဆိုင်း၊ ဦးစောတူးတူးလေးတို့နဲ့လည်း တွေ့ဆုံတွေ့ဆုံခဲ့တယ်။ ပြီးတော့ KNU အဖွဲ့နဲ့ဆက်ပြီးတွေ့ပါတယ်”ဟု ဦးလှမောင်ရွှေက ဆက်လက်ပြောကြားသည်။
.
နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်း၌ ၀ါရင်းတိုင်းသားနိုင်ငံရေးသမား ၃ ဦးဖြစ်သည့် ဦးဟန်ယောင်ဝေ၊ ဦးခွန်ဆိုင်း၊ ဦးစောစောတူတူးလေးတို့နှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် KNU အဖွဲ့နှင့်အလွတ်သဘော ဆက်လက်တွေ့ဆုံခဲ့ပြီး KNU ဘက်မှ ဗိုလ်မှူးကြီး စောတူးတူးလေး၊ ဖဒိုစောတာဒိုမှူး၊ ဖဒိုစောဆဲဘွယ်၊ ဖဒိုစောဆဲဂေ၊ နော်အယ်ထူးဟဲတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် တွေ့ဆုံလျက်ရှိပြီး KNPP ဘက်မှ ခူဦးရယ်၊ ခူထဲဘူး၊ ခူတော်ရယ် တို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
.
ယင်းတွေ့ဆုံပွဲ များတွင် ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်များကိုမူ မသိရသေးသော်လည်း ရှေ့ ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အအဖွဲ့များ၊နှင့် ချောမွေ့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အလွတ်သဘောဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats