လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေသော တိုက်ပွဲရှောင်များ နေရပ်ပြန်ပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတွင် ခိုလှုံနေသော တိုက်ပွဲရှောင်များ နေရပ်ပြန်ပြီ


နောင် (မြစ်မခ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတွင်ခိုလှုံနေသော တိုက်ပွဲရှောင်များမှာ နိုဝင်ဘာ ၂ ရက်တွင် နေရပ်ပြန်ပြီဖြစ်ကြောင်း သိရသည်။  
.
လားရှိုးမြို့နယ်၊ မန်ပြိန်ကျေးရွာအနီး အောက်တိုဘာ ၂၆ ရက်က တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ပစ်ခတ်မှု များကြောင့် လားရှိုးမန်ဆူရှမ်းကျောင်းခိုလှုံနေရသော တိုက်ပွဲရှောင်ရွာသားများ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ နေရပ်ပြန်ပြီဖြစ်ကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသည့် ပရဟိတအဖွဲ့များထံမှ သိရှိရသည်။
.

“မနေ့က (နိုင်ဝင်ဘာ ၁ ရက်)စပြီးပြန်တာပါ။ ဒီနေ့ (နိုဝင်ဘာ ၂)ရက်မှာတော့ မိုင်းတောင် ရွာသားတွေနဲ့ မပြိန် ရွာသားတွေပြန်မှာပါ။ နေ့လယ်စာစားပြီးရင် ကားတွေနဲ့ပြန်ပို့မှာပါ။’’ဟု တိုက်ပွဲရှောင်များကို ကူညီပေးနေသူ ဒေါ်နွဲ့သီက ပြောသည်။
.
လားရှိုး-နမ္မတူသွားကားလမ်းဘေး လားရှိုးမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော မန်ပြိန်ရွာအနီး အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ယင်းကျေးရွာနှင့် အနီးဝန်းကျင်မှ ရွာသားများ လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။
.

“ဒီလိုပဲ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီဆိုရင် ထွက်ပြေးလာကြတာပါ။ ငြိမ်သွားပြီဆိုရင် ပြန်သွားကြတယ်။ ပြေး လာတော့လည်း ကူညီပေးရတာပါပဲ။ လူသားချင်းစာနာစိတ်နဲ့ လူမျိုးဘာသာမခွဲခြားဘဲ ကူညီပေးနေရတာပါ။” ဟု လူမှုကူညီရေးအသင်းမှ ဦးတက်တိုးက ပြောသည်။
.
အဆိုပါ မန်ဆူရှမ်းကျောင်းတွင် တိုက်ပွဲရှောင် ၁၀၀၀ ကျော်ရှိရာ နိုဝင်ဘာ ၁ ရက်တွင် ၈၀၀ ခန့် နေရပ် ပြန်သွားပြီး နိုဝင်ဘာ ၂ ရက်တွင် ကျန်ရှိနေသည့် ရွာသားများ နေရပ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats