ပင်းတယတွင် မြန်မာနိုင်ငံ၏ပထမဆုံး ကျား/မအခြေပြု အကြမ်းဖက် ခံရသူများ စောင့်ရှောက်ဝန်ဆောင်မှုရုံး One Stop Crisis Centre ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယတွင် မြန်မာနိုင်ငံ၏ပထမဆုံး ကျား/မအခြေပြု အကြမ်းဖက် ခံရသူများ စောင့်ရှောက်ဝန်ဆောင်မှုရုံး One Stop Crisis Centre ဖွင့်လှစ်


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် မြန်မာနိုင်ငံ၏ပထမဆုံး ကျား/မအခြေပြု အကြမ်းဖက် ခံရသူများ စောင့်ရှောက်ဝန်ဆောင်မှုရုံး One Stop Crisis Centre  (OSCC)ကို နိုဝင်ဘာလ ၁၈ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုစင်တာ ဖွင့်ပွဲကို ပင်းတယမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်နိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မမလေးတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
.
“မုဒိန်းမှုကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို ဆေးပညာအရ အကူအညီပေးမှုဖြစ်တဲ့ ကိုယ်ဝန်မရစေဖို့၊ HIV၊ ကာလသား စတဲ့ရောဂါတွေ မကူးစက်စေဖို့ ကူညီပေးမှာဖြစ်ပြီး ဥပဒေအရလိုအပ်ရင် ရှေ့နေငှားရမ်းပေးတာကအစ ကူညီပေးသွားမှာ ဖြစိပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိခဲ့ရင်လည်း ကိုယ်ဝန်ကို မွေးဖွားတဲ့အထိ စောင့်ရှောက်ပေးမှာဖြစ်ပြီး ဘ၀ခွန်အား တွေကိုအားပေးဖို့ ဒီစင်တာက လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု ပင်းတယမီးအိမ်ရှင် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောသည်။
.
ထို့အပြင် Single Mother ဟုခေါ်ဆိုသည် တာဝန်ယူမှုမခံရသည့် ကိုယ်ဝန်ဆောင်များအား ကိုယ်ဝန်မပျက်စေဘဲ မွေးဖွားသည်အထိ စောင့်ရှောက်ပေးခြင်း၊ မွေးဖွားပြီး ၁ လ ခွဲခန့်အထိ စောင့်ရှောက်ပေးခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ဘ၀ရပ်တည်နိုင်ရန်အတွက် လူ/ကယ်ပြန်ဌာနနှင့် ညှိနှိုင်းကာ အသက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ကြားပေးခြင်း၊ မွေးဖွားသည့်ကလေးကို တာဝန်မယူနိုင်ပါက အစိုးရကတာဝန်ယူ၍ ရင်ခွင်ပိုက်ကလေးများကို ပြုစု စောင့်ရှောက်ခြင်း၊ အတန်းပညာများ သင်ကြားပေးခြင်း၊ လမ်းဘေးတွင် စွန့်ပစ်ခံ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များကို စောင့်ရှောက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုအရ ကိုယ်ဝန်ရယူမှုများကို ဆေးပညာဖြင့်သာမက လူမှုကူညီခြင်းများကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
.
မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာနညွန်ကြားရေးမှူး ဒေါ်လှမြသွေးအိန္ဒြာက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ နှုတ်ဖြင့် အကြမ်းဖက်မှု၊ စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ အကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူ လက်တွဲဖော်မှ အကြမ်းဖက်မှုနှင့် နည်းပညာသုံး အကြမ်းဖက်မှုများအကြောင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို အသိပညာ ပေး ဟောပြောခဲ့ကြောင်း သိရသည်။
.
အဆိုပါ One Stop Crisis Centre-OSCC (Gender Based Violence) များကို အိမ်နီးချင်းနိုင်ငံများတွင် ကျေးရွာတိုက်နယ် များအထိ ဖွင့်လှစ်နိုင်လျက်ရှိကာ စီမံကိန်းများအောင်မြင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယခုမှ ပထမဆုံးဖွင့်လှစ်ရခြင်းဖြစ်ကာ လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် ဒုတိယမြောက်(စင်တာ)အဖြစ် နေပြည်တော်တွင် ဖွင့်လှစ်မည်ဖြစ်သည်ဟု ဆရာဝန်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောကြားခဲ့သည်။
.
အဆိုပါအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ အတွင်းရေးမှူး ဦးမိုးဇော်နိုင်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်မမလေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ စုစုပေါင်း ၁၂၀ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats