ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ အောင်မြင်ကျော်ကြား စီးပွားနှင့်လူမှုထူးချွန် ကျောင်းသားဆုကို ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းအား စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ အောင်မြင်ကျော်ကြား စီးပွားနှင့်လူမှုထူးချွန် ကျောင်းသားဆုကို ပေးအပ်


စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore)သည် စင်ကာပူနိုင်ငံ၊ Conrad Centennial Singapore ၌ နိုဝင်ဘာလ ၇ ရက်၊ ညနေတွင် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍနယ်ပယ်အသီးသီး၌ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေး အရည်အသွေးများကို အောင်မြင်စွာ စွမ်းဆောင်ပြသနိုင်သည့် ထူးချွန်ကျောင်းသားများအား ရွေးချယ် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင် ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက အောင်မြင်ကျော်ကြား စီးပွားနှင့်လူမှုထူးချွန် ကျောင်းသားဆု (Eminent Business Alumni Award 2018) ကို ရရှိခဲ့ကြောင်း သိရသည်။
.

ယင်း Eminent Business Alumni Award ကို အသက် ၄၀ နှစ်အထက် Senior Alumni Awards နှင့် အသက် ၄၀ နှစ်အောက် Young Alumni Awards ဟူ၍ ခေါင်းစဉ် ၂ ခုဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်နန်းလိုင်းခမ်းသည် အသက် ၃၀ နှစ်အရွယ်တွင် ရွေးချယ်ချီးမြှင့်ခံရခြင်း ဖြစ်သည်။
.
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ ပေးအပ်သော ဆုများကို ဒေါ်နန်းလိုင်းခမ်းနှင့်အတူ Bank of Singapore ၏ CEO ဖြစ်သူ Mr. Bahren Shaari ၊ Kenanga Investment Bank ၏ Group Managing Director ဖြစ်သူ Mr. Chay Wai Leong ၊ NTUC Health Co-operative ၏ ဥက္ကဋ္ဌ ဖြစ်သူ Ms Tan Hwee Bin အပါအဝင် စုစုပေါင်း ၁၂ ဦးက ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

ဆု လက်ခံရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဆုရရှိသူများက ကျေးဇူးတင်စကား အသီးသီး ပြောကြားရာတွင် ဒေါ်နန်းလိုင်းခမ်းက " မိမိအနေဖြင့် NUS တွင် ပညာသင်ကြားစဉ်က မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေးအတွက် ဦးတည်၍ လေ့လာ သင်ကြားခဲ့ကြောင်း၊ ယခုအခါ မိမိတို့ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော Financial Sector အသီးသီးတွင် ကမ္ဘောဇဘဏ်နှင့် အတူ ထိရောက်အောင်မြင်စွာ ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းကို ဦးဆောင်၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများစွာကို ပံပိုး ဆောင်ရွက်ခွင့် ရရှိခြင်းတို့ကြောင့် အထူး ဝမ်းမြောက်ပါကြောင်းနှင့် ယခုကဲ့သို့ ဆုချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်း" အား ပြောကြားခဲ့သည်။
.
အဆိုပါ အခမ်းအနားသို့ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူအမျိုးသားတက္ကသိုလ် မှ ပါမောက္ခချုပ်၊ တက္ကသိုလ်ကောင်စီဝင်များ၊ စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပြီး Eminent Business Alumni Award ဆိုင်ရာ ဆုရရှိသူများ၏ သမိုင်းမှတ်တမ်း ဗွီဒီယိုကို ပြသပြီးကာ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ DBS Group နှင့် DBS Bank ဥက္ကဋ္ဌ Mr Peter Seah နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan တို့က့်နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။
.

စင်ကာပူအမျိုးသား တက္ကသိုလ် (NUS) သည် ကမ္ဘာထိပ်တန်းတက္ကသိုလ်ဖြစ်ကာ ကမ္ဘာ့နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိပြီး ပညာသင်ကြားခဲ့ကြသူများအနက် သက်ဆိုင်ရာ နိုင်ငံ၏ အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကကဏ္ဍနယ်ပယ်အသီးသီး၌ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် လူမှုရေး အရည်အသွေးများကို အောင်မြင်စွာ စွမ်းဆောင်ပြသနိုင်သည့် ထူးချွန် ကျောင်းသားဟောင်းများအား ရွေးချယ်၍ ၂ နှစ် တစ်ကြိမ် ရွေးချယ်၍ NUS ၏ ကျောင်းသား ဟောင်းများကို ကမ္ဘာတစ်ဝှမ်းမှ အများပြည်သူများ သိရှိလာစေရန်နှင့် NUS တွင် လက်ရှိ ပညာ သင်ကြားနေဆဲ ကျောင်းသားများ သိရှိ အားကျလာစေရန်အတွက် သာမက ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများ အောင်မြင်စွာ စွမ်းဆောင်နိုင်မှုနှင့် လူမှုအဖွဲ့အစည်းအပေါ် ထိရောက်စွာ အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒေါ်နန်းလိုင်းခမ်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အအောင်မြင်ဆုံး ဘဏ်ဖြစ်သည့်ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်၊ KBZ Group ၏ အုပ်ချုပ်မှု ဒါရိုက်တာ၊ Air KBZ လေကြောင်းလိုင်း၊ MAI လေကြောင်းလိုင်းနှင့် Kempinski Hotel (Nay Pyi Taw) တို့တွင် ဥက္ကဋ္ဌ တာဝန်များကို အောင်မြင်စွာ တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။
.

ထို့အပြင် ရှမ်းတိုင်းရင်းသူ ဒေါ်နန်းလိုင်းခမ်းသည် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် လူမျိုး ဘာသာ မရွေး၊ နေရာဒေသ မရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် ကျပ်ငွေ ၁၄၄ ဘီလျံကျော်ကို လှူဒါန်းထားသည့် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း(BFM)၏ တည်ထောင်သူ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

Journal Download

Photo of three cats