မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် မကြာမီက တည်ဆောက်ပြီးစီးခဲ့သည့် မိုးလုံလေလုံအားကစားရုံကြီးမှာ
ဖွင့်ပွဲမလုပ်ရသေးမီ အောက်ခံကြမ်းခင်းများ ပျက်ဆီးနေသည် သာမက အရည်အသွေးအလွန်ညံ့ဖျင်းနေပြီး
တာဝန်ရှိသူများ ကိုယ်တိုင် လာရောက်စိစစ် စစ်ဆေးပေးရန် လိုအပ်နေသည်ဟု နမ့်စန်မြို့နယ်
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဦးနေဇော်နိုင်က နိုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
.
''နိုင်ငံတော်သမ္မတကိုယ်တိုင်က
အဆောက်အဦတွေကို တည်ဆောက်တာ အရည်အသွေးမပြည့်မီဘဲ လက်ခံရင် လက်ခံတဲ့သူတွေပါ အရေးယူခံရမယ်ဆိုတာ
လမ်းညွှန်ချက်ပေးပြီးသား ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း တာဝန်ယူ ဆောက်လုပ်တဲ့
ကုမ္ပဏီကို ကောင်းအောင် လုပ်ပေးပါ။ ပြီးမှ ဟိုဟာပြင် ဒီဟာပြင် မဖြစ်အောင် လုပ်ပေးပါလို့
အစကတည်းကပြောခဲ့ပါတယ်။ အခုက အက သင်တန်းလေး ဖွင့်ရသေးတယ် ကြမ်းခင်းတွေက ပျက်စီးနေပါပြီ၊
တခြား ကြက်တောင်၊ ဖူဆယ်၊ ဘော်လီဘောလို အားကစားမျိုးဆို ဘယ်လိုမျိုး ကစားကြမလဲ၊ ဖွင့်ပွဲတောင်
မလုပ်ရသေးဘူး၊ ဒါကြောင့် အားကစားဝန်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် လာရောက်ကွင်းဆင်း
စစ်ဆေး ကြည့်စေချင်ပါတယ်'' ဟု ဦးနေဇော်နိုင်ကပြောသည်။
.
အဆိုပါ နမ့်စန်မြို့နယ်
မိုးလုံလေလုံ အားကစားရုံကို တောင်ကြီး အခြေစိုက်၊ ချယ်ရီဘုရင်မဆောက်လုပ်ရေး ကုမ္ပဏီမှ
တာဝန်ယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ကျပ်သိန်းပေါင်း
၂၈ဝဝ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကိစ္စနှင့် စပ်လျဉ်း၍
ချယ်ရီဘုရင်မ ဆောက်လုပ်ရေးကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် ကုမ္ပဏီ ဒါရိုက်တာတစ်ဦး
ဖြစ်သူ ဦးရဲဝင်းက ''ကျွန်တော်တို့ကလည်း ဆရာမတွေ ၁၅ဝ လောက် အက သင်တန်းဖွင့်မယ် ဆိုလို့
ကူညီပေးခဲ့တာပါ။ ဆေးလည်း မသုတ်ရသေးဘူး၊ ဖွင့်လဲ မဖွင့်ရသေးပါဘူး၊ အခုလည်း အား/ကာ ပြည်နယ်မှူး
လာစစ်နေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်ပေးနေပါ တယ်'' ဟု ပြန်လည်ဖြေကြားသည်။
.
ထို့အတူ ချယ်ရီဘုရင်မ
ဆောက်လုပ်ရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမျိုးသိန်းကျော်ကလည်း မိုးလုံလေလုံ အားကစားရုံတွင်
အခင်းအင်္ဂတေများ ပျက်ဆီးနေသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွင်
အသုံးပြုရန် ဘိလပ်မြေဖျော်ရာမှ ကျန်ရှိသည့် အကြွင်းအကျန်များကို သိမ်းဆည်းခြင်း မရှိသေးသည့်အတွက်
ကွာကျခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
.
ထို့အပြင် လွိုင်လင်ခရိုင်
အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင်မှ ''နိုဝင်ဘာ
၈ ရက်မှာ ပြည်နယ်မှူးရယ်၊ ပြည်နယ်အား/ကာက အင်ဂျင်နီယာမှူးရယ် လွှတ်တော်ကိုယ်စားလှယ်ရယ်
သွားပြီးစစ်ဆေးတဲ့အခါ လူမှုကွန်ရက်မှာ ဝေဖန်ထားတာတွေက ကွဲလွဲနေတာတွေကို တွေ့ရပါတယ်။
လုပ်ငန်း ပြီးစီးမှုမရှိသေးတဲ့ အချိန်မှာ အက သင်တန်း သွားဖွင့်တော့ သူတို့က ပြီးပြီထင်လို့
ဝေဖန်တာ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ သွားစစ်တဲ့အချိန်မှာ ကြမ်းခင်းက အားလုံးကောင်းနေပါတယ်။
ဒါပေမဲ့ ဝေဖန်ထားတဲ့ ဓါတ်ပုံက ဘယ်နေရာကနေရိုက်ပြီး တင်ထား တာလဲတော့ မသိပါဘူး''ဟု ပြောကြားခဲ့သည်။
.
ယင်းမိုးလုံလေလုံ
အားကစားရုံမှာ အလျား ၂ဝဝ ပေ၊ အနံ ၁ဝဝ ပေနှင့် အမြင့် ၄၂ ပေ ရှိပြီး လုပ်ငန်းများ စတင်ဆောင်ရွက်မည့်အချိန်တွင်
မြေနေရာ အတည်ပြုချက် မရရှိသဖြင့် ၂ လခန့် နောက်ကျကာ လုပ်ငန်း ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပြီး
ယခုလကုန်၌ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါအဆောက်အဦတွင် အကာမပါရှိခြင်းမှာလည်း
အဆောက်အဦ ဆောက်လုပ်ရန်အတွက် ချထားပေးသည့် ခွင့်ပြုရန်ပုံငွေတွင် အကာ မပါရှိခြင်းကြောင့်
ဖြစ်သည်ဟု သိရသည်။