တောင်ကြီးတွင် MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် (၁၄) နှစ်အောက်ဘောလုံးပြိုင်ပွဲကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် (၁၄) နှစ်အောက်ဘောလုံးပြိုင်ပွဲကျင်းပ



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာ နေရှင်နယ်လိဂ် နှင့် MPTတို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အဆင့် ၂၀၁၈ ခု MPT လူငယ်ဘောလုံးပွဲတော်နှင့် အသက် (၁၄) နှစ်အောက် လူငယ် ဘောလုံး ပြိုင်ပွဲများကို နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း အတွင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
အဆိုပါ လူငယ်ဘောလုံးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရရှိချုပ် ဦးဆူးအောင်က ဘောလုံးပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် MPT- Ksgm Joint Operations မှ Marketing Director ဦးခင်မောင်မြင့်က နှုတ်ခွန်ဆက် အမှာစကား ပြေကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လူငယ်ဘောလုံးပွဲတော်အား ဘောလုံး ကန်၍ ဖွင့်လှစ်ပေးကာ ဘောလုံးပြိုင်ပွဲဝင် လူငယ်အားကစားသမားများနှင့် နည်းပြဆရာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ MPT လူငယ်ဘောလုံးပွဲတော်သို့ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၁ ကျောင်းမှ ကျောင်းသား ၂၅၀ ကျော် ပါဝင်ကစားလျက်ရှိပြီး အသက် (၁၄) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲသို့ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ဖယ်ခုံ၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ နမ့်စန်နှင့် လင်းခေးမြို့နယ်များမှ အားကစားအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။
.
MPT လူငယ်ဘောလုံးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ရှမ်းပြည်နယ်တွင် ၈ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats