ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်ပွဲတော်
ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက မွေတော်ဘုရားကြီး ရင်ပြင်တော်ရှေ့တွင်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ
ဖြစ်သည့် ဗိုလ်မှူးကြီး လှဦး၊ ဦးစိုးညွန့်လွင်၊ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးစ၀်အောင်မြတ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီိးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်တို့မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။
.
ထို့အပြင် ဟိုပုံးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား/ကျောင်းသူများက ဘင်ခရာ ပန်းပွားအကဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်
ကျောင်းသား/ကျောင်းသူများက မီးပုံးအကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးနောက် မီးရှူး/မီးပန်းများ
ပစ်ဖောက်ကာ ဖွင့်ပွဲ စိန်နားပန် မီးပုံးပျံနှင့် မီးပုံးပျံငယ်များ လွှတ်တင်ခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ
ရတနာဒီပ ဖယောင်းတိုင်အား ထွန်းညှိ ပူဇော်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော်နှင့်
တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၆ ရက်မှ ၃ဝ ရက်အထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
ပွဲတော်အတွင်း မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲကို
ယခင်နှစ်များကဲ့သို့ ဟိုပုံးမြို့မဈေး အောက်ဘက်ရှိ ကျွဲ၊ နွားဈေး ကွင်းပြင်တွင် ပြုလုပ်သွားမည်
ဖြစ်ပြီး ပြိုင်ပွဲဝင် ညမီးကြီးအဖွဲ့ ၁၃ ဖွဲ့မှ ပါဝင်ယှဉ်ပြိုင် လွှတ်တင်သွားမည် ဖြစ်ကာ
ပအိုဝ်းတိုင်းရင်းသား အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း
သိရသည်။
.