နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပမည့်
တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက်
လားရှိုးမြို့သို့ လာရောက်မည့် ယာဉ်ကြီး၊ ယာဉ်ငယ်များ အားလုံး မြို့ရှောင်လမ်းမှ လာကြရန်
လားရှိုးမြို့ အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ မေတ္တာရပ်ခံ ထုတ်ပြန်လိုက်ကြောင်း
သိရှိရသည်။
.
.
အဆိုပါ မီးပုံးပျံပွဲကို လားရှိုးမြို့ နမ္မတူသွားကားလမ်းဘေးတွင်ရှိသော
တိုင်းရင်းသား ယဉ်ကျေးမှုကွင်းတွင် ကျင်းပရန် ယခင်က စီစဉ်ခဲ့ရာမှ အကြောင်း အမျိုးမျိုးကြောင့်
လားရှိုးမြို့၊ ရပ်ကွက် (၁) နားမခေါ်ကားကွင်းအနီးရှိ
ချယ်ရီမြိုင်အိမ်ရာ ဝန်းသို့ ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်ကြောပိတ်ဆို့မှု
မရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ဆောင်တာဖြစ်ပါတယ်။ မြို့ရှောင် လမ်းကနေ
သွားပေးရုံပါပဲ’’ဟု
လားရှိုးမြို့အမှတ် (၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ကျော်ခိုင်က ပြောသည်။
.
အဆိုပါ မြို့ရှောင်လမ်းမှ သွားလာခြင်းအား မီးပုံးပျံပွဲတော်ရက်
နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အတွင်းသာ သွားလာရန် ဖြစ်ပြီး မီးပုံပျံပွဲသို့ လာရောက်သော
ယာဉ်များမှလည်း မိမိယာဉ်ကြောမှသာ စည်းကမ်းရှိရှိဖြင့် မောင်းနှင်ကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ပေးထားခြင်းဖြစ်ကြောင်း
သိရသည်။
.
“ဒီလိုလမ်းကြောင်းပေးထားတော့
အဆင်ပြေပါတယ်။ အရင် ပထမဆုံးနှစ်မှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တယ်။ အချိန်တွေအရမ်းကြာသွားရတယ်။
စည်းကမ်းမဲ့တာတွေကြောင့်လည်း ဖြစ်သွားတာပါ။
အတင်းကျော်တက် ကြလို့ရယ် ယာဉ်ကြော ပြောင်းပြန်မောင်းတာတွေကြောင့် ဖြစ်ရတာပါ။’’ဟု လားရှိုးမြို့
ဒေသခံ ကိုသူရိန်ဝင်းက ပြောသည်။
.
အဆိုပါ မီးပုံးပျံပွဲမှာ လားရှိုးမြို့တွင် ကျင်းပခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်းနှင့်
လားရှိုးမြို့ ချယ်ရီမြိုင် အိမ်ရာဝန်းအတွင်း ကျင်းပခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မီးပုံးပျံကြီး
၁၅ လုံးနှင့် အရန်မီးပုံးပျံသေး ၁၃၀၀ ခန့် လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးပုံးပျံပွဲသို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြခြင်းကြောင့်
ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း လားရှိုးမြို့ ဒေသခံများထံမှ သိရသည်။
.
.
.
#KBZTai #Shan