ဝေဖန်ထောက်ပြမှု၊ ဒီမိုကရေစီနှင့် သတင်းသမားများအတွက် အကာအကွယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဝေဖန်ထောက်ပြမှု၊ ဒီမိုကရေစီနှင့် သတင်းသမားများအတွက် အကာအကွယ်



ကမ္ဘောဇတိုင်း
.

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီဝင်များအဖြစ် ရွေးကောက် တင်မြှောက်ခံရသူများက ကတိသစ္စာပြုရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဝေဖန်ထောက်ပြမှုများ မရှိပါက ဒီမိုကရေစီ မရှိနိုင်ဟု လက်ခံထားသော်လည်း အပြုသဘော အမြင်ဖြင့် ဝေဖန်စေလိုကြောင်းပြောကြားခဲ့သည်။
.
''ကျွန်တော်တို့အနေနဲ့ ဆွေနွေးပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်၊ ထောက်ပြတဲ့ အခါမှာလည်း ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်နိုင်ရေးကို ဦးတည်ပြီး အပြုသဘောအမြင် ဖြစ်စေလိုပါတယ်''ဟု သမ္မတက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်မှ စတင်၍ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပြု ခဲ့ပြီးနောက် သတင်းမီဒီယာ ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းနိုင်ခဲ့သော်လည်း ယနေ့အချိန်အထိ သတင်းမီဒီယာလွတ်လပ်ခွင့်ဟူသည့် စကားလုံးတစ်ရပ်မှာ ဆွေးနွေးငြင်းခုံ ပြောဆိုနေကြရဆဲ အခြေအနေဖြစ်သည်။
.
အရပ်သားအစိုးရ၊ ပြည်သူ့အစိုးရဟုကြွေးကြော်နေသောြီူ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏သတင်း မီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်းမှာ ပိုမိုလျော့ကျလာနေသည်ဟု ကမ္ဘာ့သတင်းမီဒီယာအဖွဲ့အစည်းများက စစ်တမ်း များကို အသီးသီး ထုတ်ပြန်နေကြသည်။
.
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အခြေစိုက်သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ Reporter Sans Forntiers^ Reporter Without Border အဖွဲ့၏ ၂ဝ၁၈ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အဆင့်အတန်း ထုတ်ပြန်ချက်တွင် နိုင်ငံပေါင်း ၁၈ဝ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၃၇ တွင် ရောက်ရှိနေပြီး ၂ဝ၁၇ ခုနှစ်က ရရှိခဲ့သည့်အဆင့် ၁၃၁ ထက် ၆ ဆင့် နိမ့်ကျခဲ့ကြောင်း ဖော်ပြပါရှိသည်။
.
ပြီးခဲ့သည့်အောက်တိုဘာလ ၁၈ ရက်က အသံအဖွဲ့မှ ထုတ်ဝေသည့် လွတ်လပ်စွာပြောဆိုခွင့် (အစိုးရ သက်တမ်းတစ်ဝက် အစီရင်ခံစာ)တွင် သတင်းမီဒီယာသမားများအပေါ် ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှု ၂၁ မှု ရှိနေပြီး တရားရင်ဆိုင်နေရသော သတင်းသမား ၂၉ ဦးအထိ ရှိနေသည်ဟု ဖော်ပြပါရှိသည်။
.
သတင်းသမားများကို သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုခြင်းမျိုး မဟုတ်ဘဲ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံ သားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ ဂုဏ်သတင်းကျော်ဇောမှု၊ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေးရေးဥပဒေ စသည့် ဥပဒေများဖြင့် တရားစွဲဆိုထားခြင်းမျိုးကို တွေ့နေရသည်။
.
အဆိုပါ ဥပဒေများသည် အမှန်တကယ်အားဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှု မရှိစေရန် အကာအကွယ်ပေးရေးအတွက် ပြဌာန်းထားသော ဥပဒေများ ဖြစ်သော်လည်း နောက်ပိုင်းတွင် သတင်းသမားများ အပါအဝင် နိုင်ငံသားအချို့ကို နှိပ်ကွပ်ရေးဥပဒေသဖွယ် ဖြစ်လာနေသည်။
.
နိုင်ငံတော်သမ္မတ၏ စကားကို ပြန်ကောက်ရသော် ဝေဖန်ထောက်ပြမှု မရှိလျှင် ဒီမိုကရေစီမရှိနိုင်ဟု ပြောဆို ထားသလို တစ်ခါတစ်ရံ အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းမျိုး ဖြစ်သော်လည်း အခြားတစ်ဘက်က အမြင်မတူသည့်အခါ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာသည်။
.
သတင်းသမားများသည် တိုင်းပြည်၏ မျက်စိ၊ နားဟု ဆိုကြသကဲ့သို့ နိုင်ငံတကာတွင်လည်း ပြည်စောင့်ခွေး Watch Dog ဟု ခေါ်ဝေါ် သုံးနှုန်းကြပါသည်။ မီဒီယာသမားများသည် အိမ်စောင့်ခွေးပီပီ အမြင်မတော်သည်များ တွေ့လျှင်လည်း ဝေဖန်ထောက်ပြ အချက်ပေးနေဦးမည်သာ ဖြစ်ပါသည်။ ဒီမိုကရေစီ၏ အသည်းနှလုံးဖြစ်သော ဝေဖန်ထောက်ပြမှုများကို စဉ်ဆက်မပြတ် လုပ်နေဦးမည်သာ ဖြစ်ပါသည်။ ထိုသို့ ဝေဖန်ထောက်ပြရာတွင် မီဒီယာသမားများကလည်း ဘက်လိုက်မှုကင်းကင်းဖြင့် တိုင်းပြည်အကျိုးအတွက်၊ အများအကျိုးအတွက် စေတနာသန့်သန့်ဖြင့် ရေးသားဝေဖန်ထောက်ပြန်ရန် လိုအပ်သလို ယင်းကဲ့သို့ အများအကျိုးအတွက် ဝေဖန်ထောက်ပြသည့် သတင်းသမားများအတွက် အကာအကွယ် ရရှိရေးမှာလည်း လိုအပ်နေဦးမည်သာ ဖြစ်ပါတော့သည်။ ထို့အပြင် လိုအပ်သည့် အကာအကွယ် မရှိသေးသည့်တိုင် သတင်းသမားများနေဖြင့်မူ လိုအပ်ချက်များကို ဝေဖန်ထောက်ပြ ရေးသားနေကြဦးမည်သာ ဖြစ်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats