ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏
အဓိကကုန်သွယ်ပေါက်တစ်ခုဖြစ်သော မူဆယ်မြို့တွင် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ တရုတ်နိုင်ငံဘက်မှ
လုံခြုံရေး တင်းကြပ်စွာချထားမှုကြောင့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု လျော့နည်းလာပြီး
ကုန်တင်ကုန်ချ အလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာနေကြောင်း သိရသည်။
.
.
''စားဝတ်နေရေး
ခက်ခဲနေတယ်ဆိုတာကတော့ မှန်ပါတယ်။ အောက်တိုဘာလ ၁ဝ ရက် နောက်ပိုင်းကနေပြီး အခုချိန်ထိ
နယ်စပ်ဒေသမှာ တရုတ်ရဲတွေ တင်းကျပ်စွာချထားတယ်။ အဲဒီလိုချထားတော့ ဆန်၊ သကြား၊ ပြောင်းဖူးစတဲ့
ပို့ကုန်တွေ တင်ပို့မှုကလျော့နည်းသွားတယ်။ အဲဒါကြောင့် ပို့ကုန်လုပ်ငန်းတွေနဲ့ ဆက်စပ်
လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက အလုပ်မရှိတော့ စားဝတ်နေရေး ခက်ခဲလာတာဖြစ်ပါတယ်။ အရင်ကတော့
အလုပ်အကိုင် အရမ်းကြီးမကောင်းပေမယ့် ပုံမှန်လေးလုပ်ကိုင်နေရတော့ အဆင်ပြေနေ ကြတာပေါ့''
ဟု မူဆယ်ဒေသခံ ဦးစိုင်းထွန်းကိုကိုက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်
မူဆယ်မြို့၌ မြန်မာနိုင်ငံထွက်ကုန်များဖြစ်သော ဆန်၊ ပြောင်းနှင့်သကြားအိတ်များကို နယ်စပ်ကုန်သွယ်ရေးဖြင့်
တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မြန်မာကုန်တင်ယာဉ်မှ တရုတ်ကုန်တင်ယာဉ်ပေါ်သို့ ပြောင်းလဲသယ်ဆောင်ပေးနေသည့်
ကုန်တင်ကုန်ချ အလုပ်သမားပေါင်း ၃ဝဝဝ ကျော်ရှိပြီး တရုတ်နိုင်ငံတွင် လုံခြုံရေး တင်းကျပ်မှုမရှိစဉ်က
ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးလျှင် တစ်ရက်ဝင်ငွေကျပ် ၂ဝဝဝဝ ကျော်ခန့်ရရှိကြောင်း ကုန်တင်ကုန်ချအလုပ်သမားများထံမှ
သိရသည်။
.
တရုတ်-မြန်မာကုန်သွယ်မှု
လျော့နည်းလာသည်မှာ တစ်လခွဲနီးပါး ကြာမြင့်လာပြီ ဖြစ်သောကြောင့် အစိုးရအနေဖြင့် အဖြေရှာရန်
လိုအပ်လျက်ရှိပြီး ဘိန်းအစားထိုး ခေါင်းစဉ်ဖြင့် တင်သွင်းခွင့်အပြင် အထူး လိုင်စင်များဖြင့်လည်း
တရုတ်နိုင်ငံက မြန်မာ့ဆန်များကို တင်သွင်းမှုပြုထားသော်လည်း ယခင်နှင့်နှိုင်းယှဉ်ပါက
ပမာဏနည်းပါးနေကြောင်းသိရသည်။
.
တရုတ်နိုင်ငံသို့
ကုန်သွယ်မှုများ လျော့နည်းမှုကြောင့် မူဆယ်မြို့၌ ဆန်၊ ပြောင်း၊ ဖရဲသီး ဈေးနှုန်းများ
ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
.
.
.
#KBZTai
#Shan