အခြေခံပညာ ဦ။စီးဌာန နေ့စား လပေး ၀န်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထား ပေးရန် အခက်အခဲရှိနေဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အခြေခံပညာ ဦ။စီးဌာန နေ့စား လပေး ၀န်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထား ပေးရန် အခက်အခဲရှိနေဟုဆို


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ န၀မပုံမှန်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်းများ၊ ရုံးများ၌် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေ့စားလပေး ရုံးဝန်ထမ်းများအား အမြဲတမ်း ၀န်ထမ်းများအဖြစ် ခန့်အပ်ပေးနိုင်ရန် မည်ကဲ့သို့ လျာထားဆောင်ရွက်လျက်ရှိကြောင်း မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ မေးခွန်း မေးမြန်းမှုနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဖွဲ့စည်းပုံအသစ်အရ နေရာချထားပေးရန် အခက်အခဲရှိနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။
.
.
ယင်းကဲ့သို့ မေးခွန်းမေးမြန်းခဲ့သည့် မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “၀န်ကြီးဌာနအနေနဲ့ နေ့စားလပေးဝန်ထမ်းတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ဖို့ အစီအစဉ်မရှိဘူးဆိုရင် အစ ကတည်းက တာဝန်ပေးခန့်အပ်ဖို့ မသင့်ပါဘူး။ တချို့က ဘ၀နဲ့ရင်းရတဲ့ ကိစ္စကြီးဖြစ်လို့ မျှော်လင့်ချက်နဲ့အမြဲတမ်း ၀န်ထမ်းမဖြစ်ခင် နေ့စားလပေးနဲ့ အလုပ်ဝင်ခဲ့ကြပြီး ၃/၄နှစ်ကျမှ မခန့်ဘူးဆိုတော့  ရက်စက်လွန်းရာကျပါတယ်။ နေ့စား လပေး ၀န်ထမ်း ၄၀၀၀ ကျော်ရဲ့ ဘ၀ရှေ့ရေး အာမခံရရှိဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ တစ်ခုခု စဉ်းစားဆောင် ရွက်ပေးသင့်တယ်`ဟု သုံးသပ် ပြောကြားခဲ့သည်။
.
လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အရ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် နေ့စားလပေး ရုံးဝန်ထမ်း ၄၀၂၂  ဦးရှိနေပြီး လက်ရှိအခြေအနေတွင် အခြေခံပညာဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရေးဆွဲနေရာ အဆိုပါ နေ့စားလပေးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် နေရာချထား ပေးရန်အခက်အခဲဖြစ်နိုင်ကြောင်း၊ ဌာနတွင် ဆရာ၊ဆရာမများ၊ မူလတန်းပြ ၅၀၈၂၀ ဦး၊ အလယ်တန်းပြ ၂၂၃၃၁ ဦး၊ အထက်တန်းပြ ၁၁၃၅၀ ဦးလိုအပ်လျက်ရှိပြီး ၎င်းတို့အား ခန့်ထားရန် ရှေးဦးစွာဆောင်ရွက်လိုအပ်နေကြောင်း၊ ဖွဲ့စည်းပုံအသစ်အား ပြင်ဆင်အတည်ပြုပြီးပါက နေ့စားဝန်ထမ်းများထဲမှ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများကို ရေးဖြေ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ) စစ်ဆေးပြီး အောင်မြင်သူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေးအတွက် သတ်မှတ် မူနှင့်အညီ ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ နေပြည်တော် Mother mart စားသောက်ဆိုင်တွင် နိုဝင်ဘာလ ၁၀ ရက်က နေ့စားလပေး ၀န်ထမ်းအချို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး နေ့စားလပေး ပညာရေးဝန်ထမ်းများကို အမြဲတမ်း ခန့်အပ်ရေး လှုပ်ရှားမှုကော်မတီတာဝန်ခံဖြစ်သူ ဦးဖြိုးဝေအောင်က ၀န်ကြီးအားတွေ့ခွင့်ရရန် တောင်းဆိုထားပြီး တွေ့ဆုံခွင့်မရပါက သို့မဟုတ် တွေ့ခွင့်ရခဲ့သော်လည်း တိကျခိုင်မာသည့် အဖြေမရရှိလျှင် ယခုလအတွင်း၌ ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
.
နေ့စားလပေးပညာရေးဝန်ထမ်းများကို ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်များတွင် ခေါ်ယူခဲ့ပြီး အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ခေါ်ယူသူများထဲမှ သင်ကြားရေးပိုင်းတာဝန်ယူသူများကိုသာ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခဲ့ပြီး ရုံးဝန်ထမ်းများကိုမူ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိခဲ့သောကြောင့် အသက် ငယ်ရွယ်သေးသူ ၀န်ထမ်းများအတွက် မျှော်လင့်ချက်ကို ရိုက်ချိုးသလိုဖြစ်နေသည်ဟု ပညာရေးရုံးဝန်ထမ်းများက ယင်း သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်ပြောဆိုခဲ့ကြသည်။
.
ထို့အပြင် နေပြည်တော်တွင် ဆန္ဒဖော်ထုတ်ရုံနှင့်မလုံလောက်ပါက မြို့နယ်တိုင်းတွင် နေ့စားလပေးလှုပ်ရှားမှု များဖြစ်လာနိုင်မည်ဟု ဦးဖြိုးဝေအောင်က ဆိုသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats