အောင်ဆန်းဝင်း
.
အရပ်ထဲရှိတဲ့
လမ်းတွေကပေါက်တဲ့နေရာ ပေါက်၊ ချိုင့်တဲ့နေရာချိုင့်၊ ခွက်တဲ့နေရာခွက်၊ ပြဲတဲ့နေရာပြဲ၊
ပဲ့တဲ့နေရာကပဲ့။ တချို့နေရာက ရေတွင်းလိုလို၊ တချို့နေရာကရေကန်လိုလို၊ အ သောကမင်းကြီးလှူဒါန်းတဲ့
ရေတွင်းပေါင်းရှစ် သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်း လေးထောင် ရပ်ကွက်ထဲ စုစုစည်းစည်းရောက်
နေသလိုလို။ အဲဒီလမ်းတွေပေါ် ဆိုင်ကယ်စီး ကားမောင်းတဲ့ အချိန်ခံစားကြည့်လိုက်ဦး၊ လှတောသား
စကားငှားပြောရရင် သံမဏိတုံး စားသွားရင်တောင် ပြန်ကာလှန်ကာ အစာကြေမယ် ဆိုတဲ့ လမ်းမျိုး။
အရေးအကြောင်း မီးရေးထင်းရေး ကြားလို့ အသည်းအသန်ကိစ္စရှိလို့များ အိမ်ထဲကနေ မျက်လုံးဇွတ်မှိတ်ပြီး
ပြေးမထွက်နဲ့။ မြန်မာဗွီဒီယိုဇာတ်ကားတစ်ခု
နာမည်ကြားဖူးတယ်မဟုတ်လား၊ မိခင်ပစ်မှား၍ မြေမျိုခံရသော မရင်ရွှေတဲ့။ အဲဒီ မရင်ရွှေနေရာမှာ
ကိုယ့်နာမည်စာရင်းပေါက်သွားနိုင်လို့ပါ။
.
အဲဒါနဲ့
ကိုယ့်အရပ်ထဲ လမ်းတွေချည်း လုံးပါး ပါးတယ်မှတ်လို့ ကျန်တဲ့ရပ်ကွက်ထဲက လမ်းတွေ လိုက်ကြည့်မိပါတယ်။
မထူးပါဘူး။ ရောက်ဖူးတဲ့လမ်း အကုန် ဗျက်ဝိဗျတ္တတွေချည်းပါ။ ဟိုချမ်းသာဒီချမ်းသာ မဟာကုဋေကြွယ်
ဇောတိကကြီးများ နေတဲ့ လမ်းတွေကတော့ တစ်မျိုး တစ်ဘာသာပေါ့။ အများပြည်သူသုံး အစိုးရမင်းများ
ခင်းတဲ့ လမ်းတွေကတော့ ကတ္တရာလမ်းဆိုတာကို ဘုရားစူးကျိန်ပြောရမယ့်အတိုင်းပါ။ ချဉ်ချဉ်တူးတူး
မူးပြီးရော လုပ်ထားကြလား မပြောတတ်ပါဘူး။ အရပ်ထဲလူတွေက လမ်းနဲ့ ပတ်သက်တဲ့ စာချိုးလေးတွေတောင်
ချိုးကြပါသေးတယ်။ ကိုယ်ဝန်ဆောင်များ သတိထား သွားရင်းလာရင်း မွေးလိမ့်မည်။ (လမ်းတစ်
လျှောက်ချိုင့်ခွက်တွေ များလွန်းလို့) မူးနေရင်လည်း သတိရှိပါ သိုင်းကွက်နင်းရင်း ကျိုးလိမ့်မည်တဲ့။
(နဂိုမူးပြီးရမ်းနေတာ တွင်းပေါက်ထဲကျလို့ကတော့ ကျိုးပြီးသားပဲ)။
.
ကတ္တရာလမ်းက
ကတ္တရာလမ်းနဲ့မတူ၊ မြို့တွင်းလမ်းလား တောတွင်းစွန့်စားခန်းသွားလမ်းလား မသိ၊ တခြားဂြိုဟ်သားတွေ
မျက်စိလည် လမ်းမှားပြီး မြန်မာပြည်ရောက်ရင်တောင် လကမ္ဘာပေါ် ရောက်တယ်ထင်မယ့် အတိုင်းပဲ။
အဲဒါကြောင့်လည်း ကာတွန်းပညာရှင်ဆရာတွေ ကွက်ကွက်ကွင်းကွင်းဒဲ့ဆော်ကြ၊ အဲ ရေးကြတာ။ လက်ရှိ
တောင်ကြီးမြို့တွင်း လမ်းတွေ ဒေဝါလီခံနေတာမြင်ရတော့ ၂ဝ၁၅ က ဆရာကိုခေတ် ရေးထားတဲ့ တစ်ကွက်
ကာတွန်းလေး သွားသတိရမိတယ်။ ရေးထားတဲ့ ကာတွန်းလေးက မြန်ပြည်တစ်ဝှမ်း၊ ရှမ်းပြည်တစ်ခွင်၊
တောင်ကြီး တစ်မြို့လုံး(ဗိုလ်ချုပ်အောင်ဆန်းလမ်းမပါ)မှာ ဖြစ်ပျက်နေတဲ့ လမ်းအနေအထားတွေနဲ့
လုံးဝ ကွက်တိ။ ဆင်းသွားတဲ့ အစိုးရအဆက်ဆက်၊ တက်လာတဲ့ အစိုးရလက်ထက်ထိ အစဉ်အလာ မပျက်တဲ့အကြောင်းအရာလို့
ပြောရမှာပေါ့။
.
ကာတွန်းထဲမှာပါတဲ့
အကြောင်းအရာက ချိုင့်ခွက်တွေ ဗလပွထနေတဲ့ လမ်းပေါ်မှာ လူ နှစ်ယောက် ရပ်စကားပြောနေပါတယ်။
တစ်ယောက်က နိုင်ငံရပ်ခြားတိုင်းတစ်ပါးသား၊ စီးပွားရေးလုပ်ငန်းရှင်လား၊ ပညာရှင်တစ်ယောက်လား
ဆိုတာတော့ မပြောတတ်ဘူး။ ခေါင်းပေါ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း
အေဗရာဟန်လင်ကွန်း ဆောင်းတဲ့လည်ပင်းရှည် ဦးထုပ်ဆောင်းထားတယ်။ လက်ထဲမှာ အနက်ရောင် လက်ဆွဲအိတ်
သေးသေးလေး တစ်လုံးနဲ့။ နောက်တစ်ဦးက မြန်မာနိုင်ငံသားတစ်ယောက်၊ ခေါင်းပေါ်မှာ ဆောင်းထားတဲ့
ဦးထုပ်က ဌာနဆိုင်ရာ တစ်ခုကို သိသိသာသာညွှန်ပြထားပါတယ်။ သူ့လက်ထဲ ကိုင်ထားတဲ့ လက်ဆွဲအိတ်က
နိုင်ငံခြားသား လက်ထဲကိုင်ထားတဲ့ အိတ်နဲ့အပုံကြီး ကွာလို့။ လေးငါးဆလောက် ပိုကြီးနေတယ်။
အလွန်လေးတဲ့ လက်ဆွဲအိတ်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားက အပြုံးမပျက်ဘူး။
.
သူတို့နှစ်ယောက်
ပြောနေတဲ့စကားက ပို စိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မာနိုင်ငံသားကို ကြည့်ပြီး နိုင်ငံခြားသားကြီးက
ပြောတယ်။ ကျုပ်တို့ဆီမှာ လမ်းခင်းရင် ဝန်ခံနိုင်ရည်တွက် ဖို့ ရူပဗေဒပညာရှင်တွေ သုံးတယ်တဲ့။
အဲဒီမှာ အထုပ်ကြီးပိုက်ထားတဲ့ မြန်မာနိုင်ငံသား(ပညာရှင်လား ဘာလားတော့မ သိဘူး)က ပြန်ပြောတယ်။
ဒီမှာတော့ လမ်းခင်းဖို့အတွက် ဘောဂဗေဒပညာရှင်ကို သုံးတယ်။ ဘယ်လောက်ကျန်မလဲ တွက်ဖို့ချက်ဖို့ပါတဲ့။
အမှန်တကယ်တော့ လမ်းတစ်ခု ခင်းဖို့အတွက် ဘောဂဗေဒပညာရှင် မလိုအောင် သက်ဆိုင်ရာ တာဝန်ရှိသူတချို့
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တယ် ပြောရမလားပါပဲ။ အိမ်ကလူကြီး အစာမကြေ ရောဂါဖြစ်နေတယ်။ ဘယ်အစာကြေဆေးစားစား
အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ အုတ်သဲကျောက် ဘိလပ်မြေတွေ စားထားလို့တဲ့။ လူရွှင်တော်တွေ
ပျက်လုံးထုတ်ကြတာလေးပါ။
.
ဟုတ်
မဟုတ်တော့ ကိုယ်လည်း ဘယ်သိပါ့မလဲ။ ကိုယ့်အခြေအနေက ယပ်ခပ်စားနေရတဲ့ ထမင်းကြမ်းခဲတောင်
တစ်ခါတစ်ခါ ပုံးက ပျောက်ချင်ချင်ရယ်။ အစာမကြေရောဂါဖြစ်ဖို့ဆိုတာ ဝေလာဝေးရော။ နောက်ပြီးနေ့စဉ်
ဖြတ်သန်းသွားလာနေရတဲ့ လမ်းတွေကလည်း အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ချိုင့်ခွက်ရယ်၊ တွင်းပေါက်ရယ်၊
လကမ္ဘာရယ်၊ မရင်ရွှေရယ်၊ အသောကမင်းကြီးရယ်။ ခပ်ကြမ်းကြမ်း လမ်းလျှောက်တာနဲ့ ရှိစုမဲ့စုစားထားသမျှ
(ကိုယ့်ထမင်းကိုယ့်ဟင်းကိုပြောတာ)လမ်းမဆုံးခင် အစာကြေဖို့ဒက်ထိ။ ကွက်တိ။ မြေကြီးလက်ခတ်မလွဲ။
အထုပ်ကြီးပိုက် လူကြီးရောဂါဝင်စရာအ ကြောင်းမရှိဘူးပေါ့။ တို့များ ရောဂါကင်းစင်ရေး ကတ္တရာလမ်းပေါ်
လျှောက်စို့လေးလို့တောင် စာချိုးလေး ထပ်ချိုး လိုက်ချင်ပါသေးတယ်။ တချို့က ပြောကြတယ်။
ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူးတဲ့။
.
ပြောမယ့်သာ
ပြောကြတာပါ။ သူတို့နေ့စဉ် လျှောက်တဲ့လမ်းတွေ ပြန်ကြည့်တော့လည်း စတီးလင်ပန်းထဲ ဖန်ဂေါ်လီထည့်
လိမ့်တဲ့အတိုင်း။ ၂၁ ရာစုဆိုတဲ့ အာကာသခေတ်ကြီးသာ ရောက်လာတယ်။ တချို့ ရပ်ကွက်အတွင်း
လမ်းတွေ၊ ကမ္ဘာဦးမြေသားအဆင့်က မတက်နိုင်သေးဘူး။ နွေရာသီဆိုဖုန်တထောင်းထောင်း။ လေရူးဝေ့ဝေ့၊
လေကောင်းတိုက်တိုက်ရပ်ကွက် လမ်းတစ်လျှောက် ဖုန်လုံးကြီးတွေဆိုတာ ခရီး စရိတ်မပါဘဲ သဲကန္တာရ
အလည်အပတ်ခရီး ရောက်နေသလားမှတ်ရတယ်။ ဆိုင်ကယ်စီးတဲ့ အချိန် လေကာမှန်မပါတဲ့ ဦးထုပ်ဆောင်းမိရင်
မျက်လုံးထဲမှာ သဲပင်လယ်ကိုဝေလို့။ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုအားနည်း၊ အားရစ
ရာမရှိတဲ့ အခြေအနေမှာ တစ်ကိုယ်ရေကျန်းမာ ရေးအတွက် ကိုယ်တိုင်ဂရုစိုက်တဲ့ကြားက သွားရင်းလာရင်း
အခန့်မသင့်လို့ မျက်လုံးကျန်းမာရေး ဖောက်တဲ့လူတွေ မနည်းလှပါဘူး။
.
ဝဿန်ကာလမိုးကျတည့်ချိန်ကတော့
ရွှံ့ဗွက်ဒုက ခြောက်လက်မ၊ ခြေချပြီးပြန်ကြွဖို့က ရိန်းကားဖုန်းနံပါတ် ဆောင်ထားရတယ်။
လမ်းလျှောက်တိုင်းလဲ၊ လေတိုက်တိုင်းလဲ၊ မသိရင် လမ်းလျှောက်တဲ့ လူကုန် အရက်မူးသလို၊
ထန်းရေ များထားသလိုနဲ့။ တစ်လောက ဈေးဝယ် ပြန်လာတဲ့အမယ်အို တစ်ယောက် လမ်းမပေါ် ဟန်ချက်ပျက်
လဲလိုက်တာ ခြေတစ်ချောင်း သွင်သွင်ကျိုးပါလေရော။ သူနေတဲ့နေရာက တောင်စောင်းအမြင့်ပိုင်း။
ဈေးဝယ်တဲ့ ဆိုင်က တောင်စောင်းအောက်ခြေနား၊ လမ်းကလည်း လမ်းလို့သာ ပြောလို့ရမယ့် မြေသားတစ်ခြမ်း
မြက်တစ် ခြမ်းလမ်း။ လက်ကျန်မိုးက အမြုပ်နင်းထားတော့ လူငယ်လူရွယ်တွေတောင် ကျားကုတ် ကျားခဲ
မနည်းသွားရတဲ့ နေရာ။ တုံချိတုံနဲ့သက် ကြီးရွယ်အိုတွေအတွက် တကယ့်အန္တရာယ်စက် ကွင်းပေါ့။
ခက်တာက အစွန်အဖျား ရပ်ကွက်နား ဆိုတော့ ဒီလမ်းမှ မသွားရင် သွားစရာလမ်းက မရှိ။
.
မြို့တွင်းအရပ်တောင်
ခွက်ချင်းထပ်နေတာ အစွန်အဖျား လမ်းကြိုလမ်းကြား ကတ္တရာလမ်း ဖြစ်ဖို့က မျှော်တိုင်းဝေး
အနေအထား။ မြို့ရဲ့ အချက်အချာကျတဲ့နေရာ မြို့မဈေးကြီးမြောက် ဘက်ကလမ်းကို ကြည့်လိုက်။
ချိုင့်ခွက်နဲ့ တွင်းပေါက်က ဗလပွ။ မြို့လယ်ကောင်လောက်မှာရှိ လို့ မြို့တွင်းလမ်း ခေါင်းစဉ်
တပ်လို့ရတာ။ တကယ် ဖြစ်ပျက်နေတဲ့ လမ်းရဲ့ အခြေအနေက ကတ္တရာတောင် မှန်ဘီလူးနဲ့လိုက်ရှာရမယ့်အ တိုင်း။ နာရီစင်တစ်ဝိုက်ကို ကြည့်ပြန်တော့ တာဝန်ရှိသူများ
ဘယ်လိုနေမယ် မသိနိုင်ပေမယ့် လက်အားတိုင်း ရေးရတဲ့ လူတောင် ရှက်မိပါတယ်။ ရွှံ့ရေဗွက်ရေ
တဖွေးဖွေး ကြားမှာ ချိုင့်ခွက်တွင်းပေါက်တွေက ခြေချတာနဲ့ မရင်ရွှေလမ်းစဉ်လိုက်ရမယ့်ကိန်း။
တောင်ကြီးမြို့ဆိုတဲ့ ဂုဏ်အင်္ဂါရပ်နဲ့တောင် လိုက်ဖက်ခြင်းမရှိပါဘူး။ တန်ဆောင်တိုင်ပွဲတော်
ကာလအတွင်းဖြစ်လို့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကိုတောင် အားနာမိပါတယ်။
.
နိုင်ငံတကာ
စံချိန်နဲ့ခင်းရမယ့် ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီးတောင် ဥမမယ်စာမ မြောက် ပေမမီ တန်းမဝင်ဆိုတော့
ကျန်တဲ့ဇနပုဒ်လမ်းတွေ အစိုးရအဆက်ဆက် လက်ထက် လူလားမမြောက်တာပြောရလည်း အခက်သားပါ။ မြန်ပြည်တစ်ဝှမ်း၊
ရှမ်းပြည်တစ်ခွင် ခင်းထားသမျှ လမ်းအားလုံး နီးပါး ခံနိုင်ဝန်တွက်မယ့် ရူပဗေဒပညာရှင်
အသုံးပြုခဲ့ရဲ့လားတောင် စဉ်းစားစရာ တစ်ခုလိုပါ။ အပြုံးမပျက် အထုပ်ကြီး ပိုက်မယ့် ဘောဂဗေဒ
လမ်းခင်းပညာရှင်ကြီးများ တစ်ခု ကိုယ်ဖိရင်ဖိ ခင်းထားကြတာမဟုတ်လား။ အဲဒီတော့ လဲရင်ပြန်ထ
ဒါဘဝတဲ့။ ကျိုးရင်တော့ ကိစ္စပြတ်ပေါ့။ မျက်လုံးထဲ သဲပင်လယ်ဝေရင် ဈေးအလွန်ကြီးတဲ့ မျက်စိဆရာဝန်ဆီ
သွားနိုင်အောင် ကြိုးစား။ လောလောဆယ် သုံးသပ်လို့ရတဲ့အနေအထားက မြို့တွင်းလမ်း တောင်
ဒေါင်ဒေါင် မမြည်နိုင်တာ ဇနပုဒ်လမ်းများ ဝေးပါသေးကြောင်း အရပ်သူ၊ အရပ်သား များ သိစေရန်
သံချောင်း ခေါက်လိုက်ရပါတယ်။