အေးသာယာတွင် ဘီယာဘူးများ တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီး သစ်ပင်ဝင်တိုက်တိမ်းမှောက်ရာမှ ယာဉ်မောင်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာတွင် ဘီယာဘူးများ တင်ဆောင်လာသော ၁၂ ဘီးယာဉ်တစ်စီး သစ်ပင်ဝင်တိုက်တိမ်းမှောက်ရာမှ ယာဉ်မောင်း သေဆုံး



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့  ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အေးသာယာမြို့  ဆိုင်းဘုတ်အနီးတွင် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းက ဘီယာဘူးများ တင်ဆောင်လာသော ၁၂ ဘီးယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား ဝင်တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ကြောင်း အေးသာယာနယ်မြေရဲစခန်းမှ သိရသည်။ 
.
Photo - Internet
.
အေးသာယာမှ အောင်ပန်းဘက်သို့  မောင်းနှင်လာသော ဘီယာဘူးများတင်ဆောင်လာသည့် ၁၂ ဘီး ယာဉ်တစ်စီးသည် အခင်းဖြစ်နေရာအရောက်တွင် ရှေ့ မှ ယာဉ်ကိုကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိသစ်ပင်အားတိုက်မိခဲ့ခြင်း ဖြစ်သည်။
.
“အေးသာယာမှာ နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းက ၁၂ ဘီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့တယ်။ ကားကတော့ ဘီယာတင်တဲ့ကား ဖြစ်တယ်။ ယာဉ်မောင်းကတော့ အဲဒီနားမှာတင် ဆုံးသွားတယ်။ ယာဉ် နောက်လိုက် ကတော့ ဘာမှ မဖြစ်ဘူးလို့ သိရတယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ယာဉ်အားအရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားတိုက်မှုကြောင့် အောင်ပန်းမြို့နေ ယာဉ်မောင်း ဟိန်းကို (၂၆ နှစ်) သည် ယာဉ်၏ရှေ့တံခါးနှင့်အတူ လွင့်ကျကျန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ ခြေထောက်များကျိုးပဲ့ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အေးသာယာနယ်မြေရဲစခန်းမှ သိရသည်။
.
ယာဉ်မှာ သစ်ပင်အား ဝင်ရောက်တိုက်မိပြီးနောက် လမ်းယာဘက်ကျွန်းမျောအား ဆက်လက်တိုက်မိကာ ရပ်တန့်သွားသဖြင့် ယာဉ်ပေါ်ကျန်ရစ်နေသော ယာဉ်နောက်လိုက်သည် ဒဏ်ရာတစ်စုံတစ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ အောင်ပန်းမြို့နေ ယာဉ်မောင်း ဟိန်းကိုအား အေးသာယာ နယ်မြေရဲစခန်းမှ မယ(ပ) ၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄(က)အရ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats