ကမ္ဘာကျော်သည့်ပွဲ သမိုင်းတည်ခဲ့လေပြီ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာကျော်သည့်ပွဲ သမိုင်းတည်ခဲ့လေပြီ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ကြီးတစ်ခုဖြစ်သော တောင်ကြီးမြို့တော်တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၁၄ ရက်မှစတင်ပြီး တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။ တောင်ကြီးမြို့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးပူဇော်သည့် အလေ့အထမှ အစပြု၍ မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲများကို ရှေးယခင်နှစ်များစွာကတည်းက စတင် ကျင်းပလာခဲ့ပြီး ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းနှင့်အညီ ရိုးရာအမွေအနှစ်ကိုလည်း ထိန်းသိမ်းတန်ဖိုးထား မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဓါတ်ပုံပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ကြပါသည်။
.
ယခု ၂ဝ၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကာလတွင် ယခင်နှစ်များနှင့် မတူဘဲ စာပေဆိုင်ရာပြိုင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်းမှာ လွန်စွာပင် အားရကျေနပ်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ ကောင်း လှပါသည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် ပတ်သက်၍ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်း ရိုးရာအစဉ်အလာများကို အစိုးရအဖွဲ့မှ ဦးဆောင်ကာ တရားဝင်ထုတ်ဖော်ခဲ့ခြင်းသည် ပို၍ပင် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။
.
ယခုကဲ့သို့ စာပေဆိုင်ရာ ပြိုင်ပွဲကြီးကို ထည့်သွင်းကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံတွင်မက ကမ္ဘာကျော်သည့် ရိုးရာ တန်ဆောင်တိုင်ပွဲတော်၏ သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်များကို ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သလို မျိုးဆက်သစ် စာပေဝါသနာရှင်၊ ကလောင်ရှင်များကို မွေးထုတ် မြေတောင်မြှောက်ပေးရာလည်း ရောက်မည်ဖြစ်ပါသည်။
.
စာပေဆိုင်ရာပြိုင်ပွဲကို ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာ၊ ကာတွန်း စသည့် ကဏ္ဍ ၄ ရပ်ဖြင့် ပြုလုပ်ခဲ့ရာ မြန်မာ နိုင်ငံ ဒေသအနှံ့အပြား သာမက ပြည်ပမှ စာပေဝါသနာရှင်များ၊ ကလောင်ရှင်များ၏ စာမူ စုစုပေါင်း ၃ဝဝ ဝန်းကျင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အပြင် အခြေခံပညာအဆင့် ကျောင်းသား/သူများ ပါဝင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သော်လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ပြောဆိုနိုင်မည် ဖြစ်ပါသည်။
.
ပြိုင်ပွဲဝင်စာမူများ၊ ကာတွန်းများကို ရှမ်းပြည်နယ်အတွင်းမှ ဝါရင့်စာပေပညာရှင်ကြီးများ၊ ကလောင်ရှင်များ အပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ကြသည့် တောင်ကြီး တက္ကသိုလ်မှ ပါမောက္ခများ၊ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ/မများ၊ ရှမ်းပြည်နယ် စာဖတ်ရှိန်မြှင့်တင်ရေးကွန်ရက်မှ စာရေးဆရာများ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရှမ်းပြည်နယ်)မှ သတင်းစာဆရာများ၊ ကမ္ဘောဇတိုင်းသတင်းဂျာနယ်မှ မီဒီယာအကြံပေးများနှင့် အယ်ဒီတာများ ပါဝင်သော အမှတ်ပေးဒိုင်အဖွဲ့မှ အမှတ်ပေးအကဲဖြတ်ခဲ့ကြပြီး ဘာသာရပ် တစ်ခုချင်းစီအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ၂ ဆုစီကို ရွေးချယ်နိုင်ခဲ့ပြီး ဆုရရှိသူများကို ဆုပေး ပွဲနှင့် ပွဲတော်ပိတ်ပွဲအခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဟုလည်း သိရပါသည်။
.
 ယင်းကဲ့သို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် စာပေဆိုင်ရာပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရေးအတွက် အထက်ပါ အဖွဲ့များက တင်ပြခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကို ခွင့်ပြုပေးခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပရေးဦးစီးကော်မ တီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့် အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များ အပါအဝင် ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ ဦးဆောင်သော ရုံးအဖွဲ့များ၊ အထူးသဖြင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော အနယ်နယ်အရပ်ရပ်မှ စာပေပညာရှင်၊ ဝါသနာရှင်များ အားလုံးကို ကမ္ဘောဇတိုင်းမှ ကျေးဇူးဥပကာရ တင်ရှိပါသည်။ ထို့အပြင် အနာဂတ်စာပေလောကနှင့် နိုင်ငံတော်၊ ဒေသအကျိုးကို ပခုံးပြောင်းတာဝန်ယူကြမည့် အခြေခံပညာအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/သူများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါသည်။
.
စာပေသည် တန်ဖိုး မဖြတ်နိုင်သော သမိုင်းအမွေအနှစ် ဖြစ်သည့် နည်းတူ ပြိုပျက်စ ပြုလာနေပြီဖြစ်သော စာပေလောက ယခုထက်မက တိုးတက်အောင်မြင်လာစေရန်အတွက် နောင်လာမည့်နှစ်များတွင်လည်း တောင်ကြီးတန်ဆောင်တိုင် ပွဲတော်နှင့်အတူ စာပေဆိုင်ရာပြိုင်ပွဲများကို ဆက်လက်၍ ထည့်သွင်းကျင်းပကာ မျိုးဆက်သစ် စာပေဝါသနာရှင်၊ ကလောင်ရှင်များကို ဖော်ထုတ်၍ ချီးမြှောက်နိုင်ပါရန် တိုက်တွန်းလိုက်ရပါကြောင်းနှင့် ကမ္ဘာကျော်သည့်ပွဲ သမိုင်းတည်ခဲ့ပြီ ဖြစ်ပါကြောင်း။ ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats