ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
နေပြည်တော်တွင် လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှ ၂၃ ရက်အထိ
ကျင်းပပြုလုပ်မည့် အသက် (၂၁) နှစ်အောက် တိုင်းဒေသကြီှးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင်
ရှမ်းပြည်နယ်ဘောလုံးအသင်း အနေဖြင့် အနိမ့်ဆုံး ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြောင်း
ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီး ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၂၀ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊
ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အဆိုပါ ဘောလုံးပြိုင်ပွဲအပြီးတွင် ဦးခင်မောင်လွင်ကြီးမှ
ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အခု
ပြည်နယ်ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲမှာ အသင်းပေါင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
အုပ်စုကနေ တက်လာတဲ့ ၆ သင်းက ကွာတားဖိုင်နယ် ကစားပါတယ်။ အဲဒီကနေ ၄ သင်းကဆီမီးဖိုင်နယ်
ကစားပါတယ်။ ပြိုင်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ (၂၁) နှစ်အောက် ကလေးတွေ ရွေးချယ်ပြီး
ဇန်နဝါရီလဆန်းမှာ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘောလုံးပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့
အတွက်ပါ။ အဲဒီပြိုင်ပွဲမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်အသင်းအနေနဲ့ အနိမ့်ဆုံး ဆီးမီးဖိုင်နယ်
တက်ရမယ်လို့ မျှော်မှန်းထားပါတယ်”ဟု ဦးခင်မောင်လွင်ကြီး က ပြောသည်။
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို
နိုဝင်ဘာလ ၈ ရက်မှ ၂၀ ရက် အထိ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်းတွင်
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၁၃ ခုအနက် ခရိုင် ၁၁ ခုမှ
ပြိုင်ပွဲဝင်အသင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
.
နိုဝင်ဘာလ ၂၂ ရက်တွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်
ဘောလုံးအသင်းနှင့် ကျောက်မဲခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းက
၎ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ပူးတွဲ တတိယဆုကို လားရှိုးခရိုင်ဘောလုံးအသင်းနှင့်
လွိုင်လင်ခရိုင်ဘောလုံးအသင်းတို့က ရရှိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဆုရဘောလုံးအသင်းများအား
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး
ဦးစိုင်းရှဲန်တစ်လုံ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်း၊
ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထန်အိတ်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့်
အသက် (၂၁) နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက
ဒုတိယဆု ရရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan