မြန်မာနိုင်ငံ၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၃ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို မီးပုံးပျံပြိုင်ပွဲ ကျင်းပပြုလုပ်ရာ အဝေရာ မီးပုံးပျံကွင်း၌ ယနေ့ နိုဝင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူများက မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာလှည့်လည် ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ၊ စာပေဆိုင်ရာ ပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲနှင့် ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲများမှ ဆုရရှိသူများကို ဂုဏ်ပြုဆုဒိုင်း/လက်မှတ်များ၊ ဆုငွေများ ပေးအပ်ခဲ့သည်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ပြုလုပ်ခဲ့သည့် ပြိုင်ပွဲများအတွက် ဆုငွေအဖြစ် ၉၄၉ ဒသမ ၈ သိန်းကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ဆုအမျိုးအစား အလိုက် အများဆုံး ကျပ်သိန်း ၇၀ မှ အနည်းဆုံး ငွေကျပ် ၃၀၀၀၀ ထိ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ လူစိတ်ဝင်စားမှု အများဆုံးဖြစ်သော ညမီးကြီး မီးပုံးပျံ အမျိုးစား ပထမဆုကို လူခန့်မီး၊ ဒုတိယဆုကို လူပဲ့မီး၊ တတိယဆုကို ကြယ်ပြောင်မီးနှင့် စိန်းနားပန် မီးပုံးပျံ အမျိုးအစား ပထမဆုကို နေကြာစေ့မီး၊ ဒုတိယဆုကို ရောင်စုံမီး၊ တတိယဆုကို မီးအိမ်လူငယ်မီးတို့မှ ရရှိခဲ့ခြင်း ဖြစ်သည်။