မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုအုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင်
ပင်းတယမီးအိမ်ရှင်ဖောင်ဒေးရှင်း ထူထောင် မည်ဖြစ်ကြောင်း ပင်းတယမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်ထံက
သိရသည်။
.
.
“မိတ်ဆွေဖြစ်တဲ့ IEM ကုမ္ပဏီက ဦးတင်ဦးက ကျွန်တော့်ကို ရည်စူးပြီး
ပင်းတယမြို့အတွက် တည်တံ့စေဖို့ တည်ထောင်ပေးတာပါ။ ဒေသနေ တိုင်းရင်းသားအားလုံးအတွက် ရည်ရွယ်ပြီး
တည်ထောင်တာဖြစ်ပါတယ်”ဟု
ဒေါက်တာ သန်းမင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ဖောင်ဒေးရှင်းကို အလှူရှင်မှ
၃ လတစ်ကြိမ် ကျပ် သိန်း ၁၃၀ လှူဒါန်းမည်ဖြစ်ပြီး ပင်းတယတွင် ရေတွင်းတူးရန်၊
ကျောင်းဆောက်ရန်အတွက် ရရှိထားသည့်အလှူငွေများကိုပါ ယင်း ဖောင်ဒေးရှင်း၌ ထည့်ဝင်သွားမည်ဖြစ်ကာ
အဆိုပါ လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ရရှိလာသည့် အလှူငွေများဖြင့် ပင်းတယမြို့နယ်အတွင်းရှိ
အသည်းရောင်အသားဝါစီပိုး ဖြစ်ပွားနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး
၅ နှစ်အတွင်း ကိုယ်ဝန်ဆောင် ၁၂၀၀၀ ခန့်ကို အသည်း ရောင်အသားဝါစီပိုး ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကာ
HIV၊ ဘီပိုးနှင့် ကာလသားရောဂါများကိုလည်း ဆေးစစ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပင်းတယမီးအိမ်ရှင် ဖောင်ဒေးရှင်းတွင် ဒေါက်တာသန်းမင်းထွဋ်မှ နာယကအဖြစ်
ဆောင်ရွက်သွားမည်ဖြစ်ပြီး ပင်းတယ ဆေးရုံသို့ တာဝန်ဖြင့်ရောက်ရှိလာမည့် ဆရာဝန်များမှ
ဥက္ကဌအဖြစ်တာဝန်ပေးအပ်သွားမည်ဖြစ်ကာ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
လက်ရှိတွင် ဒေါက်တာသန်းမင်းထွဋ် ပါဝင်သည့် ဆေးကုသရေးအဖွဲ့မှ မျက်စေ့
ဝေဒနာရှင် ၁၅၃၈ ဦးကို စစ်ဆေး ကုသ ပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၁၀၆ ဦးကို ခွဲစိတ်ကုသပေးခဲ့ကာ
လိုအပ်သည့် မျက်မှန်နှင့် မျက်စဉ်းဆေးဝါးများကို လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်မှာ ၂၀၁၁ ခုနှစ်က
ပင်းတယမြို့သို့ ဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးမျိုးကို
လုပ်ဆောင်ခဲ့သဖြင့် ပင်းတယမီးအိမ်ရှင်ဟု ကင်ပွန်းတပ် ခံခဲ့ရသည့် ပြည်သူ့နှလုံးသားထဲမှ
ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က မြို့နယ်အတွင်း နယ်လှည့် ဆေးကုသမှုကြိမ်ရေ
၂၈၃ ကြိမ်မြောက်ခရီး အဖြစ် နောင်ရဲရွာသို့ နောက်ဆုံးရောက်ရှိခဲ့ပြီးနောက် ယခုအခါ မြောင်းမြ
မြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan